ရန်ကင်း ဒီဇင်ဘာ ၁၄
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန် အတွက် ကာကွယ်ဆေးမထိုးနှံရသေးသည့် အသက်(၄၀)နှစ်နှင့်အထက် ပြည်သူများအား ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉နာရီက ရန်ကင်းမြို့နယ်၊ အမှတ်(၁၄) ရပ်ကွက်၊ မိုးကောင်းဘုရားလမ်း ရှိမိုးကောင်း ဆုတောင်းပြည့်စေတီတော်ဝန်းအတွင်းရှိ သာသနာ့ဗိမာန်တော်ကြီးတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ထိုးနှံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင် ကာကွယ်ဆေး လာရောက်ထိုးနှံကြသူများကို ကျန်းမာရေးဝန်းထမ်းများနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက သွေးအတွင်း အောက်ဆီဂျင်လည်ပတ်မှုနှုန်း တိုင်းတာခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်းတို့ကို ဆောင်ရွက်ပြီးမှသာ ကျန်းမာရေး လမ်းညွှန်ချက်များ နှင့်အညီ မြို့နယ်ကျန်းမာရေးဝန်ထမ်းများ စနစ်တကျ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ရန်ကင်းမြို့နယ်အတွင်း ရပ်ကွက်ပေါင်း (၁၅)ရပ်ကွက်ရှိရာ ကာကွယ်ဆေးထိုးနှံခြင်းကို သက်ဆိုင်ရာ ဦးစားပေးအလိုက် ဦးတည်အုပ်စုများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ထိုးနှံပေးလျက်ရှိပြီး ထိုသို့ ကာကွယ်ဆေးထိုး နှံပေးရာ နေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းမင်းလတ်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ အဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပရဟိတ အသင်းများ ပူးပေါင်း၍ ကာကွယ်ဆေးထိုးနှံရန် လာရောက်ကြသူများကို အဆင်ပြေချောမွေ့စွာ ကာကွယ်ဆေးထိုးနှံနိုင်ရန် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
လှလှထွေး