သီပေါမြို့နယ်တွင် အခြေခံရှေးဦးသူနာ ပြစုနည်းနှင့် ကျန်းမာရေး အသိပညာပေး သင်တန်းဆင်းပွဲ ပြုလုပ်ဆောင်ရွက်

သီပေါ      ဒီဇင်ဘာ ၁၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ ညွှန်ကြားချက်ဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) ကြက်ခြေနီ ကြီးကြပ်မှုကော်မတီ၊ သီပေါမြို့နယ် ကြက်ခြေနီအသင်းခွဲ၏ စီစဉ်မှုဖြင့်   ကျန်းမာပြီးကြံ့ကြံ့ခံနိုင်စွမ်းသော ကျေးလက်နေပြည်သူများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍  အခြေခံရှေးဦးသူနာပြုစုနည်းနှင့် ကျန်းမာရေး အသိပညာပေး သင်တန်းဆင်းပွဲ အခမ်းအနားကို ဒီဇင်ဘာ ၁၂ရက်နေ့ ညနေပိုင်းက ရွှေကျောင်းရိပ်သာတွင် ပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် သီပေါမြို့နယ် ကြက်ခြေနီအသင်းခွဲ ဥက္ကဌ ဦးစိုင်းဇော်ဝင်းက သင်တန်းတွင် သင်ကြားပေးခဲ့သော အခြေခံရှေးဦးသူနာပြုစုနည်း၊ ရှေးဦးသူနာပြုစုသူ၏ အခန်းကဏ္ဍနှင့် တာဝန် ဝတ္တရားများစသည့် ဘာသာရပ်များကို စာတွေ့လက်တွေ့ သင်ကြားပေးခဲ့ပြီးဖြစ်သည့်အတွက် သင်တန်းမှရရှိသော အသိပညာ၊ ဗဟုသုတများ ပေါင်းစပ်၍ မိမိတို့ရပ်ရွာဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးစားလုပ်ကိုင် ဆောင်ရွက်ကြစေလိုကြောင်းစသည်ဖြင့် အမှာစကား ပြောကြားခဲ့ပြီးနောက် သင်တန်းသားများအား အမှတ်တရ လက်ဆောင်ပစ္စည်းများ၊ ရှေးဦးသူနာ ပြုစုရေး အိတ် ၁ အိတ်စီ ပေးအပ်ခဲ့ပြီး ထူးချွန်သင်တန်းသား (၃)ဦးကို ဆုချီးမြှင့်ခဲ့ကြောင်းနှင့် သင်တန်းဆင်း လက်မှတ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းသို့ သီပေါမြို့နယ်အတွင်းရှိ ကျန်းမာပြီး ကြံ့ကြံ့ခံနိုင်စွမ်းသော ကျေးလက်နေ ပြည်သူများ ဖြစ်ပေါ်လာစေရေး လုပ်ငန်းစီမံကိန်းများ ဆောင်ရွက်ရန်အတွက် ရွေးချယ်ထားသည့် ကျေးရွာ(၁၃)ရွာမှ တစ်ရွာလျှင သင်တန်းသား(၂)ဦးနှုန်းဖြင့် သင်တန်းသား (၂၆)ဦး တက်ရောက်ခဲ့ကြောင်းနှင့် သင်တန်းကာလမှာ ၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်နေ့မှ ၁၂ရက်နေ့အထိ   (၅)ရက်ကြာ ဖွင့်လှစ်သင်ကြားပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)