၂၀၂၀ ပြည့်နှစ် မိုးညှင်းခရိုင်အတွင်းရှိ ဘက်စုံထူးချွန်မောင်မယ်များအား တစ်ဦးလျှင်ငွေကျပ် ၂၃၀,၀၀၀ ကျော်နှင့် ဂုဏ်ပြုလက်မှတ်များ ပေးအပ်

မိုးညှင်း    ဩဂုတ် ၂၂

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ ၂၀၂၀ ပြည့်နှစ်အတွင်း ဘက်စုံ ထူးချွန်ဆုရ လူရည်ချွန်မောင်မယ်များအား တစ်ဦးလျှင် ငွေကျပ် ၂၃၀,၀၀၀ ကျော်နှင့် ဂုဏ်ပြုလက်မှတ်များ ပေးအပ် အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက မိုးညှင်းမြို့ အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်းရှိ အောင်ဆန်းခန်းမ၌ကျင်းပသည်။

အခမ်းအနားတွင် ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးညွန့်ရွှေက အမှာစကားပြောကြားပြီး ခရိုင်ပညာရေးမှူး ဆရာမကြီး ဒေါ်တင်ပု က အခမ်းအနား ကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားကာ ၁၉၆၄ မှ ၁၉၈၈ ခုနှစ်အတွင်း ဘက်စုံ ထူးချွန်ဆုရ လူရည်ချွန်ဟောင်းများ ကိုယ်စား ဒေါ်သွယ်သွယ်စန်းနှင့် ဒေါက်တာ အေးအေးမွန် တို့က ယခုနှစ် လူရည်ချွန်ဆုရ ကျောင်းသား/သူများအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပြီး ဂုဏ်ပြုစကားပြောကြား ခဲ့ကြသည်။

ဆက်လက်၍ ခရိုင်အတွင်းရှိ အလှူရှင်အသီးသီးက စုပေါင်းလှူဒါန်းသည့် ဂုဏ်ပြုဆုငွေတစ်ဦးလျှင် ငွေကျပ် ၂၃၅,၀၀၀ စီနှင့် ဂုဏ်ပြုလက်မှတ်များကို ခေတ္တခရိုင်အုပ်ချုပ်ရေး မှူးနှင့် တာဝန်ရှိသူများက ၂၀၂၀ ပြည့်နှစ် လူရည်ချွန်ဆု ရကျောင်းသား/သူများဖြစ်သည့် မိုးညှင်းမြို့ စိုးဘရားသား(စ်)ကိုယ်ပိုင်အထက်တန်းကျောင်းမှ နှစ်ထပ်ကွမ်း လူရည်ချွန် ဆုရ မမေရှယ်ရှယ်လင်း၊ မိုးကောင်းမြို့ “ပိုင်” ကိုယ်ပိုင်အထက်တန်းကျောင်းမှ ဒသမတန်းကျောင်းသား မောင်ဝေလင်း အောင်၊ မိုးညှင်းမြို့အမှတ်-၃ အခြေခံပညာ အထက်တန်း ကျောင်းမှ နဝမတန်းကျောင်းသား နှစ်ထပ်ကွမ်းလူရည်ချွန်ဆုရ မောင်ထူးမြတ်စံ၊ မိုးကောင်းမြို့ ပညာဆီးမီး ကိုယ်ပိုင်အထက်တန်းကျောင်းမှ နဝမတန်းကျောင်းသူ မမြတ်ဖြူစင်၊ မိုးညှင်းမြို့ အမှတ် ၁ အခြေခံပညာ အထက်တန်းကျောင်းမှ အဋ္ဌမတန်းကျောင်းသား မောင်စည်သူအောင်နှင့် မဖြူသန်း ကြည် တို့ အား ပေးအပ်ချီးမြှင့်ခဲ့ကြပြီး အမှတ်တရ စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြကြောင်း သိရသည်။

ကျော်ကျော်ထွေး(မိုးညှင်း)