ပင်းတယ ဒီဇင်ဘာ ၁၃
၂၀၂၁-၂၀၂၂ ပညာသင်နှစ် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပွားစေရေးနှင့် ကြိုတင် ကာကွယ်နိုင်ရေးအတွက် ရှမ်းပြည်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအား ယာယီပိတ်ထားခဲ့ရာမှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိနှုန်း ကျဆင်းလာပြီဖြစ်သည်အတွက် ယနေ့မှစ၍ အခြေခံပညာ ကျောင်းများအားလုံး ပြန်လည်ဖွင့်လှစ်ပြီ ဖြစ်ကြောင်းသိရသည်။
ကျောင်းများ ပြန်လည်ဖွင့်လှစ်ရာတွင် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ကျန်းမာရေး ဝန်ထမ်းများနှင့် တာဝန်ကျ ဆရာ/ဆရာမများက ကျောင်းသား/ ကျောင်းသူများအား နှာခေါင်းစည်း (Mask ) နှင့် ( Face Shield) များစနစ်တကျ တပ်ဆင်စေခြင်း၊ ကျောင်းအတွင်းသို့ မဝင်မီ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ လက်ဆေးဘေစင်များတွင် စနစ်တကျ လက်ဆေးစေခြင်း တို့ကိုပူးပေါင်း ဆောင်ရွက်ပေးကြသည်။
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်အတွင်း၌ အခြေခံပညာ အထက်တန်းကျောင်း (၉) ကျောင်း၊ အထက်တန်းကျောင်းခွဲ (၇) ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း (၇) ကျောင်း၊ အလယ်တန်းကျောင်းခွဲ (၈) ကျောင်းနှင့် အခြေခံပညာမူလတန်းကျောင်း (၈၉) ကျောင်း၊ စုစုပေါင်းအခြေခံပညာကျောင်းပေါင်း (၁၂၀) ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
အေးအေးလတ်