ဆီဆိုင် ဒီဇင်ဘာ ၁၃
အလုပ်အကိုင်အခွင့်အလမ်းနှင့် တစ်နိုင်တစ်ပိုင်လုပ်ငန်းများ လုပ်ကိုင်နိုင်ရန်အတွက် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ခုနှစ် ခြောက်လ ဘဏ္ဍာရေးနှစ်တွင် ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် ပူးပေါင်း၍ အခမဲ့ဖွင့်လှစ်သင်ကြားသည့် အသက်မွေး ဝမ်းကျောင်း အထောက်အကူပြု အခြေခံမော်တော်ဆိုင်ကယ်ပြုပြင်နည်းသင်တန်းဆင်းပွဲကို ယမန်နေ့ နံနက် ၁၀ နာရီခန့်က နောင်ကျောကျေးရွာအုပ်စု၊ ဘုရားဖြူကျေးရွာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောမောင်ဗွေ၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်နိုင်ဝင်းနှင့် ရှမ်းပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ သင်တန်းနည်းပြဆရာ ဦးကြည်မော်တို့က သင်တန်းဆင်းအမှာစကားပြောကြားသည်။ ထို့နောက် တာဝန်ရှိသူများက အခြေခံ မော်တော်ဆိုင်ကယ် ပြုပြင်နည်းသင်တန်းသို့ တက်ရောက်ခဲ့သော သင်တန်းသားများအနက် ထူးချွန်သူများအား ဆုချီးမြှင့်ခြင်း၊ သင်တန်းသားများအား သင်ထောက်ကူပစ္စည်းများ ပေးအပ်ခြင်း၊ သင်တန်းဆင်းလက်မှတ်များ ပေးအပ်ပြီး သင်တန်းသားတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့သည်။
အဆိုပါသင်တန်းသို့ နောင်ကျောကျေးရွာအုပ်စုရှိ ကျေးရွာများမှ သင်တန်းသား(၂၀)ဦး တက်ရောက်ခဲ့ပြီး အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံမော်တော်ဆိုင်ကယ် ပြုပြင်နည်း အဆင့်ဆင့်ကို စာတွေ့လက်တွေ့ တစ်လကြာ သင်ကြားပေးခဲ့ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
မျိုးမြတ်(ဆီဆိုင်)