ကျိုင်းတုံ ဒီဇင်ဘာ ၁၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေးလုပ်ငန်းများကို ယမန်နေ့နံနက် ၉ နာရီက ယန်းခမ်းစျေးရှေ့တွင် တာဝန်ရှိသူများက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ရှမ်းအရှေ့၊ အမှတ်(၁၉)ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူး ရဲမှူးညီညီလှိုင် ဦးစီးပြီး ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များက မော်တော်ယာဉ်နှင့် ဆိုင်ကယ်စီးနှင်းသူများအား ဆိုင်ကယ်စီးလျှင် အရည်အသွေးပြည့်မီသော ဆိုင်ကယ်ဦးထုပ်ဆောင်ရန်နှင့် မေးသိုင်းကြိုး စနစ်တကျ တပ်ဆင်ကြရန်၊ လက်ကိုင်ဖုန်းပြောပြီး ယာဉ်/ဆိုင်ကယ် မောင်းနှင်ခြင်းမပြုရန်၊ ကားမောင်းလျှင် မောင်းနှင်သူနှင့် ယာဉ်ပေါ်လိုက်ပါသူများ ထိုင်ခုံခါးပါတ် ပါတ်ပြီး မောင်းနှင်ကြရန်၊ သဲ/ကျောက်/မြေသယ်ယာဉ်များ၊ အမိုးအကာ လုံခြုံစွာအုပ်၍ မောင်းနှင်ရန်နှင့် အရှိန်ပြင်းမောင်နှင်ခြင်းမပြုရန်၊ အရက်သေစာသောက်စားပြီး မောင်းနှင်ခြင်းမပြုရန်၊ ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် နှာခေါင်းစည်း Mask တပ်ဆင်ရန်နှင့် ကြတ်မတ်စစ်ဆေး အသိပညာပေးပြောကြားပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေးလုပ်ငန်းများကို ပြည်သူများ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းဝေးစေရေး အပတ်စဉ် စစ်ဆေးဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)