အမ်းမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ လူဦးရေစာရင်းကိုအခြေခံ၍ မဲဆန္ဒရှင်စာရင်းများ ဖြည့်စွပ်၊ ပယ်ဖျက်ခြင်းလုပ်ငန်းများ အကောင်ထည်ဖော် ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

အမ်း ဒီဇင်ဘာ ၁၃

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် လူဦးရေစာရင်းကို အခြေခံ၍ မဲဆန္ဒရှင်စာရင်းများ ဖြည့်စွပ်၊ ပယ်ဖျက်ခြင်း လုပ်ငန်းများ အကောင်ထည်ဖော် ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးသူရိန်ထွန်းက  မြို့နယ်အတွင်းရှိ လူဦးရေစာရင်းများကို မဲဆန္ဒရှင် စာရင်းသို့ ကူးပြောင်းဖြည့်သွင်းဆောင်ရွက်နိုင်ရေး အဖွဲ့ဝင်ဌာနဆိုင်ရာ များအား ဆွေးနွေး ပြောကြားခဲ့သည်။

လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးကျော်မင်းထွန်းနှင့် အဖွဲ့ဝင်ဌာနဆိုင်ရာ တာဝန်ရှိသူများက လူဦးရေစာရင်းကို မဲဆန္ဒရှင်စာရင်းသို့ ကူးပြောင်းဖြည့်သွင်းနိုင်ရေး ပြင်ဆင်၊ ဖြည့်စွပ်၊ ပယ်ဖျက်ခြင်း လုပ်ဆောင်နိုင်ရန် ဆွေးနွေးတင်ပြကြသည်။

ဆွေးနွေးတင်ပြချက်များအပေါ် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးရွှေအေးက လူဦးရေစာရင်းမှ မဲဆန္ဒရှင်စာရင်းသို့ ကူးပြောင်းဖြည့်သွင်း ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်ချက်များအား ဖြည့်စွက်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

စိုးမင်းထွန်း