မောင်တော ဒီဇင်ဘာ ၁၃
ရခိုင်ပြည်နယ် မောင်တောမြို့၌ ဒီဇင်ဘာဖိတ်ခေါ်ဖလား အမျိုးသမီးအလွတ်တန်း ထုတ်စည်းထိုးပြိုင်ပွဲ ဗိုလ်လု ပွဲကို ဒီဇင်ဘာ ၁၃ ရက်နေ့ မွန်းလွှဲ ၁၂ နာရီအချိန်က မြို့မအားကစားခန်းမ တွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ဒီဇင်ဘာဖိတ်ခေါ်ဖလား အမျိုးသမီး အလွတ်တန်း ထုတ်စည်းထိုးပြိုင်ပွဲကို ဒီဇင်ဘာ ၁ ရက်နေ့မှ စတင် ကျင်းပခဲ့ပြီး အသင်း(၁၂)သင်းက ပါဝင် ယှဉ်ပြိုင်ကစားလာခဲ့ကြသည်။ ယနေ့မွန်းလွှဲပိုင်းတွင် ပြိုင်ပွဲဝင် အသင်း များထဲမှ ဗိုလ်လုပွဲကို တက်ရောက်လာကြသော အသင်း(၄) သင်းက ယှဉ်ပြိုင် ကစားခဲ့ကြပြီး ပထမဆုကို ကျီးကန်ပြင် ကျေးရွာ အုပ်စု “အောင်ရက္ခအသင်း”မှ လည်းကောင်း ၊ ဒုတိယဆုကို မြို့ပေါ်ရပ်ကွက်များမှ “ဝတီလေးရပ်”အသင်းမှ လည်း ကောင်း ၊ တတိယဆု ကို ပဒင်းကျေးရွာအုပ်စု “ငြိမ်းချမ်းရေး” အသင်းမှ လည်းကောင်း ၊ နှစ်သိမ့်ဆုကို ပြင်ဖြူကျေး ရွာ အုပ်စု “ပြင်ဖြူစုပေါင်း” အဖွဲ့မှ လည်းကောင်း အသီးသီးရရှိခဲ့ကြရာ ပထမဆု ငွေကျပ် ၅ သိန်း ၊ ဒုတိယဆု ငွေကျပ် ၃ သိန်း ၊တတိယဆု ငွေကျပ် ၂ သိန်း ၊နှစ်သိမ့်ဆု ၅ သောင်း စီ ချီးမြှင့်ပေးအပ်မည်ဖြစ်ကြောင်းသိရသည်။
ဒီဇင်ဘာဖိတ်ခေါ်ဖလား အမျိုးသား အလွတ်တန်း ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲ ၊ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဒီဇင်ဘာ ၁၄ ရက်နေ့ ညနေပိုင်းတွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး ၊ အမျိုးသမီး အလွတ်တန်း ထုတ်စည်းထိုးပြိုင်ပွဲတွင် ဆု ရ ရှိခဲ့ကြ သည့် အသင်းများကိုလည်း ဆုများ အသီးသီး ချီးမြှင့်ပေးမည်ဖြစ်ကြောင်း ခရိုင်အားကစားမှူး လက်ထောက် ညွန်ကြားရေးမှူး ဦးဇော်မင်းထွေးထံမှ သိရသည်။
သက်လွင်စိုး ၊ အောင်ကျော်စိန် (ပြန်/ဆက်)