မိတ္ထီလာမြို့နယ်၌ အခြေခံစက်ချုပ်သင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ

မိတ္ထီလာ ဒီဇင်ဘာ ၁၃

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းတွင် အခြေခံ စက်ချုပ်သင်တန်း(၁/၂၀၂၂)ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉နာရီအချိန်က  အဆိုပါ သင်တန်းကျောင်း၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မိတ္ထီလာခရိုင် အမျိုးသမီးရေးရာ ဥက္ကဋ္ဌ ဒေါက်တာ ဒေါ်စောမြင့်ထူးက အဖွင့်အမှာစကား ပြောကြားပြီး ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း(မိတ္ထီလာ)မှ ကျောင်းအုပ်ဆရာကြီး ဦးသာဝက ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်၊ အသက်မွေး ဝမ်းကျောင်းဆိုင်ရာ ပညာရပ်များ ပြန့်ပွားလာစေရန်၊ စက်ချုပ်နည်းပညာရပ်များကို အသုံးပြု၍ အဝတ်အထည်များ ဒီဇိုင်းလှပပြီး စျေးကွက်ဝင်အထည်များအဖြစ် ထုတ်လုပ်လာနိုင်စေရန်၊ ကျေးလက်ဒေသရှိ အမျိုးသမီးငယ်လေးများ စက်ချုပ်နည်းပညာရပ်ကို တက်ကျွမ်းပြီး တစ်ပိုင်တစ်နိုင် လုပ်ငန်းငယ်များ ထူထောင်၍ မိသားစုဝင်ငွေ တိုးပွားလာစေရန် ရည်ရွယ်ပြီး   အခြေခံစက်ချုပ် သင်တန်းကို အခမဲ့ ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

၎င်းအခြေခံစက်ချုပ်သင်တန်းကို သင်တန်းသူ (၂၀)ဦးဖြင့်  ဒီဇင်ဘာလ ၁၃ ရက်နေ့မှ ၂၀၂၂ခုနှစ် ဇန်နဝါရီ ၁၂ ရက်နေ့အထိ   စက်ကိုင်တွယ်အသုံးပြုနည်းများ၊ စက်နင်း လေ့ကျင့်ခြင်းနှင့် အခြေခံ ချုပ်ရိုးများ ချုပ်ခြင်း၊ အမျိုးသမီးဝတ်ရင်စေ့အင်္ကျီ၊ နောက်ကွဲခါးတင်အင်္ကျီ၊ အမျိုးသမီးဝတ် ရင်ဖုံးအင်္ကျီ၊ စကဒ်ချုပ်နည်း အမျိုးမျိုး၊ တစ်နှစ်အရွယ် သုံးဖြက်ဆက် အတွန့်ပါ ဂါဝန်၊ ကလေးဝတ် ဘောင်းဘိရှည် စသည့် ဘာသာရပ်များကို စာတွေ့လက်တွေ့သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အခြေခံစက်ချုပ်သင်တန်း ဖွင့်ပွဲအခမ်းအနားကို မိတ္ထီလာခရိုင် အမျိုးသမီးရေးရာ ဥက္ကဋ္ဌ ဒေါက်တာ ဒေါ်စောမြင့်ထူးနှင့် အဖွဲ့ဝင်များ၊ ရက်ကန်းနှင့် အသက်မွေး ပညာသင်တန်းကျောင်း (မိတ္ထီလာ)မှ ကျောင်းအုပ် ဆရာကြီး ဦးသာဝနှင့် သင်တန်းနည်းပြဆရာမများ၊ သင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)