(၄၇)နှစ်မြောက် ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ် ရခိုင်ရိုးရာကျင်ကိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

စစ်တွေ    ဒီဇင်ဘာ ၁

(၄၇)နှစ်မြောက် ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ် ရခိုင်ရိုးရာကျင်ကိုင်ပွဲ ဖွင့်ပွဲအခမ်း အနားကို ယနေ့နံနက် ၉ နာရီက စစ်တွေမြို့ဝင်္ကဘာကွင်း၌ ကျင်းပသည်။

ရှေးဦးစွာ ရခိုင်ရိုးရာကျင်ကိုင်ပွဲမုဓ်ဦးကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးစံရွှေမောင်၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးသန်းထွန်း၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးတင်လှတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ဌာနဆိုင်ရာများ၊ ကျင်ဝါသနာရှင် များနှင့်အတူ  ရခိုင် ရိုးရာကျင်ကိုင်ပွဲဖွင့်ပွဲအဖြစ် မင်္ဂလာကျင်ယှဉ်ပြိုင်နေမှုအား ကြည့်ရှုအားပေးကြသည်။ ရခိုင်ရိုးရာ ကျင်ကိုင်ပွဲ ဖွင့်ပွဲတွင် စိုင်းဒြားရခိုင်မင်္ဂလာ စည်တော်အဖွဲ့က မဟာဗောဓိရွှေဂူ ကျင်ယိမ်းဖြင့်သရုပ်ဖော် ကပြဖျော်ဖြေကြပြီး ရခိုင်ပြည်နယ်ယဉ်ကျေးမှုအဖွဲ့က သမီးပျိုလေးများက ရခိုင်ရိုးရာ ဆီမီးခွက်အက၊ ဤသည်ရခိုင်သား ဤကားရခိုင်ပြည်နှင့် ရိုးတောင်ရိုက်က သာချင်းသံယိမ်းများဖြင့် ဖျော်ဖြေကြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ကပြဖျော်ဖြေ ပေးကသည့် စိုင်းဒြားရခိုင်မင်္ဂလာစည်တော်အဖွဲ့နှင့် ယဉ်ကျေးမှုအဖွဲ့တို့အား ဂုဏ်ပြုငွေများပေးအပ်ခဲ့ကြောင်းသိရသည်။

ရခိုင်ရိုးရာကျင်ကိုင်ပွဲကို စစ်တွေမြို့တွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ဦးဆောင်ပြီး ကျင်းပလျှက်ရှိရာ ရွှေမောင်းတန်းတွင် ပထမဆု ငွေကျပ် ၃၂ သိန်း၊ ဒုတိယဆု ငွေကျပ် ၂၄ သိန်း၊ ပူးတွဲတတိယဆုအတွက် ငွေကျပ် ၁၆ သိန်းပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကာ ငွေမောင်းတန်းတွင် ပထမဆု ငွေကျပ် ၂၄ သိန်း၊ ဒုတိယဆု ငွေကျပ် ၁၆ သိန်း၊ ပူးတွဲတတိယဆုအတွက် ငွေကျပ် ၁၂ သိန်း ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါကျင်ကိုင်ပွဲကို စစ်တွေမြို့ ဝင်္ကဘာကွင်းတွင် ဒီဇင်ဘာလ(၁၃)ရက်နေ့မှ ရခိုင်ပြည် နယ်နေ့ ဒီဇင်ဘာလ(၁၅)ရက်နေ့ထိကျင်းပလျက်ရှိရာ ပထမနေ့တွင် ငွေမောင်းတန်း ကျင်သန်များ စတင်ကျင်ကိုင်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ဒုတိယနေ့တွင် ငွေမောင်းတန်းကျင်သန်များနှင့် ရွှေမောင်း တန်း ကျင်သန်များပါ ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်းကျင်ပွဲကျင်းပရေးကော်မတီမှသိရသည်။

 

တင်ထွန်း(ပြန်/ဆက်)