ပျော်ဘွယ် သြဂုတ် ၂၂
ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများပြုစုရာတွင် ပြည့်စုံမှန်ကန်သည့် မဲဆန္ဒရှင် စာရင်းများရရှိရေး မဲဆန္ဒရှင် စာရင်း ကျန်ရှိမှုနှင့် မှားယွင်းမှု မရှိစေရေး အတွက် အိမ်တိုင်ရာရောက်စစ်ဆေးသည့် စနစ်ဖြင့် မြေပြင် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့များဖွဲ့စည်းကာ ယမန်နေ့ ညနေ(၄)နာရီမှစတင်ပြီး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင်ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ပျော်ဘွယ် မြို့နယ်အနေဖြင့် ရပ်ကွက်(၉)ရပ်ကွက်၊ ကျေးရွာ အုပ်စု(၇၅)အုပ်စုရှိပြီး မဲရုံပေါင်း(၂၉၅)ရုံသတ်မှတ် ထား ကြောင်း၊ အသက်(၁၈)နှစ် ပြည့်ပြီးသူတိုင်း ဆန္ဒမဲပေးပိုင်ခွင့်ဆုံးရှုံးမှုမရှိစေရေး၊ ဆန္ဒမဲစာရင်းပါ အချက်အလက်များ ပြည့်စုံ မှန်ကန်ရေး၊ မှားယွင်းမှုများကို ပြင်ဆင်လျှောက်ထားနိုင်ရေးတို့အတွက် အိမ်တိုင်ရာရောက် ကွင်းဆင်း စစ်ဆေးခြင်း များဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မဲဆန္ဒရှင်စာရင်း မြေပြင်ကွင်းဆင်းစိစစ်ရေးအဖွဲ့ကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းထွန်းနှင့် ဌာနဆိုင်ရာများ၊ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲဝင်များ၊ ရပ်ကွက်/ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ကော်မရှင်အဖွဲ့ခွဲဝင်များ ပူးပေါင်း ကာ ပြည့်စုံမှန်ကန်သည့် မဲဆန္ဒရှင်စာရင်းရရှိရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)