မိုးညှင်း ဒီဇင်ဘာ ၁၃
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်အတွင်းရှိ အခြေခံပညာစာသင်ကျောင်းများကို ယနေ့ နံနက်ပိုင်းမှ စတင်ဖွင့်လှစ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
မိုးညှင်းမြို့နယ်သည် ဒီဇင်ဘာ(၁၁)ရက်နေ့က မိမိနေအိမ်တွင်နေထိုင်ရန် (Stay At Home) အစီအစဉ်တွင် အကျုံးဝင်ခြင်းမှ ပယ်ဖျက် လိုက်ပြီးနောက် အခြေခံပညာစာသင်ကျောင်းများ ဖွင့်လှစ်ခဲ့ရာ အခြေခံပညာကျောင်းများမှ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ များကကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းနှင့် သက်ဆိုင်သည့် စည်းကမ်းချက်များနှင့် အညီ ပညာသင်ကြားကြရာတွင် ခရိုင်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီလွင် ဦးဆောင်သည့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဒေါ်သန်းသန်းဆွေနှင့် တာဝန်ရှိသူများပူးပေါင်း၍ အခြေခံပညာစာသင်ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအား အေးချမ်းစွာ ပညာသင်ကြားနေမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
အဆိုပါ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်ရာတွင် မိုးညှင်းမြို့နယ်အတွင်းမှ အခြေခံပညာ ကျောင်းပေါင်း(၂၀၂)ကျောင်းရှိသည့်အနက် အထက ကိုးကျောင်း၊ အထက(ခွဲ) ခုနှစ်ကျောင်း၊ အလက နှစ်ကျောင်း၊ အလက(ခွဲ) နှစ်ကျောင်း၊ အမက(လွန်) သုံးကျောင်းနှင့် အမက (၃၇)ကျောင်းစသည် စုစုပေါင်းအခြေခံပညာကျောင်း (၆၀)ကျောင်းတို့မှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၃၂၅၀)ဦး အေးချမ်းစွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
ဇွဲသူရအောင်(ခရိုင် ပြန်/ဆက်)