မိုးကောင်းမြို့နယ်တွင် ကိုဗစ်ကာကွယ်ဆေး တစ်ကြိမ်တစ်ခါမှ မထိုးရသေးသူများအား Sinopharm Phase Five ပထမအကြိမ်ထိုးနှံပေး

မိုးကောင်း      ဒီဇင်ဘာ        ၁၃

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်တွင်  ကိုဗစ်ကာကွယ်ဆေး တစ်ကြိမ်တစ်ခါမှ မထိုးရသေးသူ အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများအား phase 5 ပထမအသုတ်ကို  မိုးကောင်းမြို့တော်ခန်းမ၊ အထက-နမ္မတီးနှင့် ပင်းဘောကျေးရွာဘက်စုံသုံးခန်းမ ဆေးထိုးစုရပ်တို့၌ ယနေ့နံနက် ၉ နာရီတွင် ဆေးထိုးနှံပေး၍ အသက် ၁၂ နှစ်အထက်ကျောင်းသား၊ ကျောင်းသူများကိုပါ ကိုဗစ်ကာကွယ်ဆေး Sinovac တစ်ပါတည်းထိုးနှံပေးကြောင်း သိရသည်။

အဆိုပါ ဆေးထိုးနှံပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ အမျိုးသမီး ရေးရာအဖွဲ့ဝင်များက ကိုဗစ်ကြိုတင်ကာကွယ်ရေးညွှန်ကြားချက်နှင့်အညီ လိုအပ်ချက်များ ပေါင်းစပ် ဆောင်ရွက်ကြကြောင်း သိရသည်။

မိုးကောင်းမြို့နယ်တွင် ကိုဗစ်ကာကွယ်ဆေးထိုးအကျုံးဝင်သူဦးရေ ၁၀၂၁၄၅ ဦးရှိပြီး First Dose ထိုးနှံပြီးသူ ၄၄၉၈၁ ဦး၊ Second Dose ထိုးနှံပြီးစီးသူ ၃၃၆၄၆ ရှိသဖြင့် ၄၄ ဒဿမ သုညလေး ရာခိုင်နှုန်းထိုးနှံပြီးစီးကြောင်း သိရသည်။

သန်းလွင်ဦး(ပြန်/ဆက်)