ရန်ကုန်မြောက်ပိုင်းခရိုင်၊ ကြက်ခြေနီတပ်ဖွဲ့မှ အောက်ဆီဂျင်လိုအပ်သူများအား အောက်ဆီဂျင် လှူဒါန်းပေး

မင်္ဂလာဒုံ ဒီဇင်ဘာ ၁၂

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များသည် မြောက်ပိုင်းခရိုင်အတွင်းရှိ မြို့နယ်များအား အောက်ဆီဂျင်လိုအပ်ပါက အောက်ဆီဂျင် အခမဲ့လှူဒါန်းပေးလျက်ရှိသည်။

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ကြက်ခြေနီဥက္ကဋ္ဌဦးနေဆန်းက “ကျွန်တော်တို့ မြောက်ပိုင်းခရိုင် ကြက်ခြေနီအဖွဲ့မှာ အောက်ဆီဂျင်အိုးပေါင်းအလုံး (၆၀)ရှိပါတယ်ခင်ဗျ၊ မြောက်ပိုင်းခရိုင် အတွင်း လိုအပ်တဲ့မြို့နယ်တွေက အကူအညီတောင်းရင် ကျွန်တော်တို့က အခမဲ့လှူဒါန်းပြီး အိမ်တိုင်ရာရောက် လိုက်ပို့ပေးပါတယ်၊ လိုအပ်တဲ့အချိန်နေ့၊ ညမရွေး ဆောင်ရွက်ပေးလျက် ရှိပါတယ်” ဟုပြောကြားခဲ့သည်။

ယနေ့တွင် မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်ရွာမရပ်ကွက်မှ အကူအညီတောင်း၍ အောက်ဆီဂျင်အိုး(၂)လုံး အခမဲ့လှူဒါန်းခဲ့ကြောင်း ရန်ကုန်မြောက်ပိုင်းခရိုင်၊ ကြက်ခြေနီ ဥက္ကဋ္ဌ ဦးနေဆန်းထံမှ သိရသည်။

သန္တာ(ပြန်/ဆက်)