မော်လမြိုင် ဒီဇင်ဘာ ၁၂
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းသည် ပြည်နယ်ဝန်ကြီးများနှင့်အတူ ယနေ့နံနက် ပိုင်းက ကျိုက်သလ္လံစေတီတော်မြတ်ကြီးသို့ သွားရောက်ပြီး တစ်ပေပတ်လည် စကျင် ကျောက်ပြား ရင်ပြင်တော်အပြည့် ခင်းကျင်းနိုင်ရေးအတွက် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ အားကစားနှင့် ကာယပညာ သိပ္ပံ(မော်လမြိုင်)မှ ကျောင်းသား၊ ကျောင်းသူများနှင့် စေတနာရှင် လုပ်သားပြည်သူများမှ ရင်ပြင်တော်ပေါ်သို့ တင်ဆောင် ကုသိုလ်ပြုလုပ်အားပေးမှုကို ကြည့်ရှု အားပေး၍ စေတီတော်မြတ်ကြီးအားဖူးမြော် ကြည်ညို ကန်တော့သည်၊၊
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သမိုင်းဝင် နဂါးမောက် စေတီတော် မြတ်ကြီးတွင် ဉာဏ်တော်မြှင့်တင်နေမှု၊ စေတီတော်မွမ်းမံနေမှု၊ ထီးတော်တင်လှူနိုင်ရေး၊ ရင်ပြင်တော်ကြွေပြား ခင်းကျင်းပြီးစီးနေမှု ငြမ်းလုပ်ငန်း ဆောင်ရွက်နေမှုနှင့် အခြားဘက်စုံ မွမ်းမံနေမှုများအား ကြည့်ရှုပြီး အရံစေတီများကို ထီးတော်များ တင်လှူပူဇော်ခဲ့သည်။
ထို့နောက် မော်လမြိုင်မြို့၊ ဆံတော်ရှင် ဦးဇိနစေတီတော် ဝေသန္တရာတန်ဆောင်းတွင် စေတီ တော်အား လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှုခြင်း၊ ရွှေစင်ရွှေပြားကပ်လှုခြင်း၊ စိန်ဖူးတော်၊ ငှက်မြတ် နားတော်၊ ထီးတော်တို့အား အကြီးစား ပြုပြင်မွမ်းမံခြင်းလုပ်ငန်းများ ပူဇော်နိုင်ရန် ပထမအကြိမ် အလှုငွေပေးအပ်ခြင်း အခမ်းအနား ကျင်းပခဲ့ရာ ရွှေပရိယတ္တိ စာသင်တိုက်မှ ဦးစီးပဓာန နာယက ဆရာတော် ဘဒ္ဒန္တပညာဝံသ အပါအဝင် ဆရာတော်ကြီးများ ဦးဆောင်၍ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ အရှေ့တောင် တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင်၊ ပြည်နယ်ဝန်ကြီးများ ဌာနဆိုင်ရာများနှင့် ဧည့်ပရိသတ်အပေါင်းတို့က နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်သည်။
ဆက်လက်ပြီး ရွှေပရိယတ္တိ စာသင်တိုက် ဦးစီပဓာန နာယက ဆရာတော် ဘဒ္ဒန္ဒ ပညာဝံသ ထံမှ ငါးပါးလီလ ခံယူဆောက်တည်၍ ဆရာတော်၊ သံဃာတော်များမှ ပရိတ်တရားတော်များ ရွတ်ပွား သရဇ္ဈာယ်မှုကို နာယူကြည်ညိုကာ လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းကြသည်။
မော်လမြိုင်မြို့၏ ကျက်သရေဆောင်တွင် တစ်ခုအပါအဝင်ဖြစ်သည့် ဆံတော်ရှင် ဦးဇိနစေတီတော်မြတ်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူပူဇော်ရန် အလှူရှင်များ၏ စုပေါင်း အလှူတော်ငွေ ကျပ်သိန်း(၂၂၀၀)ကျော်အား ပေးအပ်လှူဒါန်းခဲ့ရာ ပြည်နယ် ၀န်ကြီးချုပ်၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများ က လက်ခံရယူပြီး ဆရာတော်ကြီးများထံမှ အနုမောဒနာ တရားနာယူ၍ လှူဒါန်းမှုအတွက် ရေစက်သွန်းချ အမျှပေးဝေသည်။
မွန်ပြည်နယ်တွင် ထင်ရှားကျော်ကြားသည့် သမိုင်းဝင်တန်ခိုးကြီး ဘုရားများစွာ ရှိသည့်အတွက် ကိုဗစ်-၁၉ အလွန်ကာလ ဘုရားဖူးမိဘပြည်သူများ စိတ်နှလုံးအေးချမ်းစွာ ကုသိုလ် ယူနိုင်ကြရေး ဆရာတော်ကြီးများ ဦးဆောင်ကာ မွန်ပြည်နယ် အစိုးရအဖွဲ့နှင့် အလှူရှင်များ စုပေါင်း၍ဘက်စုံပြုပြင် မွမ်းမံခြင်းလုပ်ငန်းများ ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)