မိုင်းလုံ ဒီဇင်ဘာ ၁၂
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင်ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးလုပ်ငန်းများ အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီး ပြန်လည်ကျန်းမာလာသူတစ်ဦး၏ ရင်တွင်းစကားသံကို ယခုလို ကြားသိ ခဲ့ရပါသည်။
ကျွန်မက နန်းစန္ဒာဦး အသက်(၃၀)နှစ်၊ အလယ်ရပ်ကွက်၊ မိုင်းလုံမြို့ မှာနေပါတယ်။ မိသားစု ကတော့(၄)ယောက်ရှိပါတယ်။ မြို့မှာကိုဗစ်-၁၉ပိုးတွေ့လူနာ များလာပြီးနောက် ကျွန်မက ဖျားပြီးတော့ ကိုယ်လက်တွေကိုက်ခဲ၊ အနံလည်းမရတော့ဘူး။ ဒါကြောင့် ကျန်းမာရေး ဌာနကိုသွားပြီး စစ်ကြည့်တော့ ဆရာကမိသားစုအားလုံးကိုစစ်လိုက်ပါဆိုပြီး စစ်ကြည့်တော့ မိသားစုအားလုံးက(positive)ပါ။
ရောဂါစဖြစ်တဲ့အချိန်မှာတော့ နှာစေး၊ ချောင်းဆိုး၊ ကိုယ်လက်ကိုက်ခဲပြီး ဖျားပါတယ်။ ဆရာပေးတဲ့ ဆေးတွေကို ပုံမှန်သောက်ပြီးတော့ (၅)ရက်နောက်ပိုင်း နှာစေး၊ ချောင်းဆိုး၊ ဖျားတာတွေ မရှိတော့ဘူး။ Quarantine Centre မှာ ကျန်းမာရေးဌာနကတာဝန်ရှိသူတွေ ညွှန်ကြားချက်တဲ့အတိုင်း ဆေးပုံမှန်သောက်ပါတယ်။ ကိုယ်ခံအားကောင်းလာအောင် အဟာရပြည့်မဲ့ အစားအသောက်တွေကိုပုံမှန်စားပါတယ်။ ဆရာကရေချိုးဆင်ခြင်ခိုင်းပြီး အအေးမိမခံရအောင် ဂရုစိုက်နေထိုင်သောကြောင့်Quarantine Centre မှာ (၁၄)ရက်နေပြီး အိမ်ကိုပြန်လာနိုင်ခဲ့ပါတယ်။ အိမ်မှာ(၇)ရက်နေပြီးနောက်ပိုင်း အရင်လိုပြန်ကျန်းမာ လာပါတယ်။ ဒါပေမဲ့ အရင်လို အလုပ်ကို ဆက်တိုက်လုပ်ရင် မောနေသေးတယ်။
ကျွန်မအနေနဲ့အကြံပြုချင်တာက ကိုဗစ်ရောဂါကို မပေါ့ဆပါနဲ့ မြန်မြန်သိပြီး မြန်မြန်ကုသမှ ရောဂါအခြေအနေမဆိုးပဲ နှာစေး၊ ချောင်းဆိုး လောက်ပဲဖြစ်ပြီး ပုံမှန်အတိုင်း သွားလာ လှုပ်ရှားလို့ရမှာပါ။ ရောဂါဖြစ်နေချိန်မှာ ကိုယ်ခံအားကောင်းအောင် နေထိုင်ပါ၊ စိတ်ဓာတ် လုံးဝမကြပါနဲ့၊ ရောဂါသက်သာပျောက်ကင်းပြီး Home Quarantine နေတဲ့အချိန်မှာလည်း အဟာရပြည့်ဝအောင်စားပါ၊ ရေချိုးဆင်ခြင်ပါ၊ အပင်ပန်းခံတာ တွေရှောင်ကြဉ်ပါလို့ အကြုံပြု ပြောကြားခဲ့ပါတယ်။
ဇော်ဇော်(ပြန်/ဆက်)