မော်လမြိုင်မြို့တွင် ရပ်ကွက်အလိုက် မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး ကွင်းဆင်း စစ်ဆေး

မော်လမြိုင် ဒီဇင်ဘာ ၁၂

ပွင့်လင်းရာသီရောက်ရှိလာပြီးဖြစ်၍ ပြည်သူများ မီးသုံစွဲရာတွင် ပေါ့ဆမှုမရှိစေရေး ကြိုတင် ကာကွယ်နိုင်ရန်နှင့် မီးဘေးအန္တရာယ် လုံခြုံမှုရှိစေရေးတို့အတွက် မွန်ပြည်နယ်၊ မော်လမြိုင် မြို့နယ်မီးသတ် ဦးစီးဌာန တာဝန်ရှိသူများက ယမန်နေ့ မွန်းလွဲပိုင်းက ရပ်ကွက်အလိုက် မီးဘေး လုံခြုံရေးကင်းများ ဆောင်ရွက်မည့် အုပ်ချုပ်ရေးမှူးရုံးများနှင့် ဓမ္မာရုံများ ကွင်းဆင်းစစ်ဆေး ကြောင်း သိရသည်။

ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးစိုးကျော်သူ ဦးဆောင်ပြီး ဝန်ထမ်းများနှင့် ရပ်ကွက်အလိုက် တာဝန်ရှိသူများက လျှပ်စစ်မီးကြိုးသွယ်တန်းထားရှိမှု၊ မီးသတ်ဆေးဘူးများ၊ အပေါ့စား မီးသတ်စက်များ၊ ထင်း၊ မီးသွေး၊ လောင်စာအသုံးပြုနေ အိမ်များအား မီးကြွင်းမီးကျန် မရှိစေရေး၊ ခြင်ဆေးခွေမီးများ၊ ဖုန်းအားသွင်းခြင်းမှ အပူလွန်ကဲမှု ဖြစ်ပေါ်နိုင်သည့်အတွက် သတိထားဆောင်ရွက်ကြရေး၊ လျှပ်စစ်ဓာတ်အား ရယူသုံးစွဲမှုနှင့် ပတ်သက်၍ အသုံးပြု ထားသော လျှပ်စစ်ဝါယာကြိုးများ အရည်အသွေး ပြည့်မီမှု ရှိ/မရှိ၊ ဟောင်းနွမ်းဝါယာကြိုများ အသစ်လဲလှယ်တပ်ဆင် အသုံးပြုရေးနှင့် ချက်ပြုတ်ပြီးလျှင်ဖြစ်စေ၊ နေအိမ်ပြင်ပ ထွက်ခွာလျှင် ဖြစ်စေ မိန်းခလုတ်ချထားပြီးမှ ထွက်သင့်ကြောင်း၊ မီးလောင်မှုဖြစ်ပွားလျှင် အချက်ပေးစနစ် ဆောင်ရွက်ထားရှိမှုနှင့် မီးဘေးလုံခြုံရေးဆိုင်ရာ အသုံးအဆောင်များ စနစ်တကျ ဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းထားရှိရန်နှင့် မီးသတ်ဆေးဘူးသုံးစွဲ နည်းများကို လက်တွေ့ပြသပေးကြောင်း သိရသည်။

ဇာဖြူဝင်း(ပြန်/ဆက်)