နမ္မတူ ဩဂုတ် ၂၂
နမ္မတူမြို့နယ်၌ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ပန်ဟိုက်ရပ်ကွက် (၆)ဘော်လုံးကွင်းရှိ ယာယီပျံကျဈေးတွင် မိုးရေများ ဝင်ရောက်ကာ ရွှံ့နွံများဖြစ်ပေါ်လျက်ရှိပြီး ရောင်းရေး/ဝယ်ရေး အခက်အခဲဖြစ်ပေါ်နေမှုအား အဆင်ပြေစေရေး ယာယီပျံကျ ဈေးသည်များနှင့် တွေ့ဆုံကာ ညှိနှိုင်းဆွေးနွေး ဆောင်ရွက်ခြင်းကို ယမန်နေ့ နေ့လယ် (၁၁)နာရီအချိန်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ် မြို့တော်ခန်းမ၌ ဆောင်ရွက်ခဲ့ရာ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းစံဟွမ်၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထက်အောင်ဖြိုးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ယာယီပျံကျဈေးတွင် ဈေးရောင်းချလျက်ရှိသော ဈေးသူ/ဈေးသား (၁၁၅)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ ညှိနှိုင်းဆွေးနွေးဆောင်ရွက်ရာတွင် ရှေးဦးစွာ နမ္မတူမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းစံဟွမ် က အမှာစကားပြောကြားပြီး မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထက်အောင်ဖြိုးက အမှာစကား ပြောကြားရာတွင် လက်ရှိဈေးအားခွဲထားခြင်းမှာ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးအတွက် ဧပြီလ (၁၉)ရက်နေ့မှစတင်ကာ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက် ထားရှိ ခြင်း ဖြစ်ကြောင်း၊ ကော်မတီမှဆုံးဖြတ်ထားသည့် လက်ရှိယာယီပျံကျဈေးတွင် မိုးအဆက်မပြတ်ရွာ သွန်းမှုကြောင့် မိုးရေများ ဝင်ရောက်ကာ ရွှံ့နွံများဖြစ်ပေါ်လျက်ရှိပြီး ရောင်းရေး/ ဝယ်ရေး အခက်အခဲဖြစ်ပေါ်နေမှုအား အဆင်ပြေ စေရေးအတွက် မြို့နယ်ကော်မတီမှ ယာယီပျံကျ ဈေး ဆောင်ရွက်ထားရှိသည့် ဘော်လုံးကွင်း ပတ်ပတ်လည်တွင် မိုးရေ များ ဝင်ရောက်မှု မရှိစေရေးအတွက် ရေမြောင်းများ တူးဖော်ဆောင်ရွက်ပေးခြင်း၊ ယာယီပျံကျ ဈေးအတွင်း လူသွား လမ်းများပေါ်တွင် ရွံ့နွံများ မဖြစ်ပေါ်စေရေးအတွက် ဝါးကတ်များခင်းကျင်းပေးခြင်း ဆောင်ရွက်ပေးသွားမည် ဖြစ် ကြောင်း၊ ယာယီပျံကျ ဈေးသူ/ ဈေးသားများ တောင်းဆိုထားသည့် မြတ်လေးလမ်းတွင် ဈေးရောင်းချလိုပါကလည်း လမ်းဘေး ရှိ အိမ်ရှင်များထံ ညှိနှိုင်းဆွေးနွေး ပေးမည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ကာ ယာယီပျံကျဈေးတွင် ဈေးရောင်းချလျက်ရှိသော ဈေးသူ/ဈေးသားများအား ဆန္ဒသဘောထားများ တောင်းခံခဲ့သည်။
ထိုသို့ ဆန္ဒသဘောထားများ တောင်းခံရာတွင် မြို့မဈေးအနီး မြတ်လေးလမ်းတွင် ယာယီပျံကျဈေး ရွေ့ပြောင်းလိုသူ (၁၀)ဦး ခန့်သာရှိပြီး၊ ယခင်ယာယီပျံကျဈေးနေရာတွင်ပဲ ရောင်းချလိုသူ (၁၀၅)ဦး ခန့် ရှိသဖြင့် ပန်ဟိုက်ရပ်ကွက် (၆)ဘော်လုံးကွင်ရှိ ယာယီပျံကျဈေးတွင်သာ ဈေးရောင်းချ ဆောင်ရွက်ရန် သဘောတူခဲ့ပြီး ယာယီပျံကျဈေး ဆောင်ရွက် ထားရှိသည့် ပန်ဟိုက် ရပ်ကွက် (၆) ဘော်လုံးကွင်း ပတ်ပတ်လည်တွင် မိုးရေများဝင်ရောက်မှုမရှိစေရေးအတွက် ရေမြောင်းများ တူးဖော်ဆောင်ရွက် ပေးခြင်း၊ ယယီပျံကျဈေးအတွင်း လူသွားလမ်းများပေါ်တွင် ရွံ့နွံများ မဖြစ်ပေါ် စေရေးအတွက် ဝါးကတ်များခင်းကျင်းပေးခြင်း လုပ်ငန်းများအား ယခု ဩဂုတ်လ အတွင်း အပြီးဆောင်ရွက်ပေးသွား မည် ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန အမှုဆောင်အရာရှိ ဦးသက်နိုင်ထွန်းထံမှ သိရှိရသည်။
လူမော် (ပြန်/ဆက်)