မလှိုင်၊ ဒီဇင်ဘာ ၁၂
မလှိုင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် တိုးမြှင့် ဆောင်ရွက်လျှက်ရှိရာ ဒီဇင်ဘာ ၁၁ ရက်နေ့ထိ မြို့နယ်တွင်းရှိ လျာထားလူဦးရေ၏ (၅၀%) ကျော်ကို ကာကွယ်ဆေးများ ထိုးနှံ ပြီးစီးခဲ့ကြောင်းသိရသည်။
မလှိုင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်သူ အသက်(၁၈)နှစ်အထက် ပြည်သူ(၁၂၇၂၈၆)ဦး၊ အသက်(၁၂)နှစ်ပြည့်ပြီးကျောင်းသား၊ ကျောင်းသူ(၆၇၉၀)ဦး၊ စုစုပေါင်း(၁၃၄၀၇၆)ဦးလျာထားခဲ့ရာ (၁၁.၁၂.၂၀၂၁)ရက်နေ့ စာရင်းအရ Covid Shield ဆေးထိုးနှံသူ (၄၀၄၉)ဦး ၊ Sinopharm ဆေး ပထမအသုတ် (၆၈၃၆) ဦး ၊ ဒုတိယ အသုတ် (၁၉၄၅၅)ဦး၊ တတိယအသုတ်(၁၄၉၈၅)ဦး၊ စတုတ္ထအသုတ်(၁၀၆၂၃)ဦး၊ ပဉ္စမအသုတ်(၁၂၀၂၀)ဦး၊ စုစုပေါင်း (၆၇၉၆၈)ဦး တို့အား ပထမအကြိမ်အဖြစ် (၅၀%)ကျော် ကာကွယ်ဆေးများထိုးနှံနိုင်ခဲ့သည်။
ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးလုပ်ငန်းများကို မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ အနီးကပ်ကြီးကြပ်မှုဖြင့် (၃၁.၇.၂၀၂၁)ရက်နေ့မှ စတင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ပရဟိတ အဖွဲ့များ ပါဝင်သော ဆေးထိုးအဖွဲ့(၅)ဖွဲ့ဖြင့် နေ့စဉ် နံနက်(၉)နာရီမှ (၁၂)နာရီအထိ ရပ်ကွက်/ကျေးရွာအုပ်စု ကို လိုက်လံ ထိုးနှံပေးခဲ့ခြင်း ဖြစ်သည်။
ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းအား အရှိန်အဟုန်ဖြင့် ဆက်လက်ထိုးနှံသွား မည်ဖြစ်ပြီး အိုမီခရွန်(Omicron)မျိုးဗီဇပြောင်းရောဂါပိုး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကိုလည်း ပြည်သူအများသိရှိအောင် ရပ်ကွက်/ကျေးရွာအုပ်စု အလိုက် ကျန်းမာရေးဝန်ကြီးဌာန၏ အသိပညာပေးဆိုင်းဘုတ်များ ကပ်ထားကြေညာပေးခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများကိုလည်း ဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။
အောင်ဌေး(မလှိုင်)