မိတ္ထီလာ ဒီဇင်ဘာ ၁၂
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် မီးသတ်ဦးစီးဌာနမှ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ် သရုပ်ပြသခြင်းကို ယမန်နေ့ နံနက်က မိတ္ထီလာမြို့ အမှတ်(၁)ရှေ့တန်း အခြေချ ထောက်ပံ့ရေးနှင့် ပို့ဆောင်ရေးတပ်တွင် ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
မိတ္ထီလာခရိုင် မီးသတ်ဦးစီးဌာနအဖြင့် ပွင့်လင်းရာသီတွင် မီးလောင်မှု၊ မီးလန့်မဖြစ်ပွားစေရန် ခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်ဆန်း ဦးဆောင်၍ တပ်ဖွဲ့ဝင်များက အမှတ်(၁)ရှေ့တန်း အခြေချ ထောက်ပံ့ရေးနှင့် ပို့ဆောင်ရေးတပ်မှ တပ်ဖွဲ့ဝင်များနှင့် ၎င်းတို့၏ မိသားစုဝင် များအား မီးဘေးကြိုတင် ကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့ပြီး မီးလန့်မှုများ ဖြစ်ပေါ်လာပါက ကြိုတင်မီးငြှိမ်းသတ်နိုင်စေရန် မီးသတ်ဆေးဘူးများဖြင့် လက်တွေ့ မီးငြှိမ်းသတ် သရုပ်ပြသ ခဲ့ကြောင်း သိရသည်။
အဆိုပါ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့ မီးငြှိမ်းသတ် သရုပ်ပြသခြင်းကို ခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်ဆန်းနှင့် တပ်ဖွဲ့ဝင်များ၊ အမှတ်(၁)ရှေ့တန်း အခြေချ ထောက်ပံ့ရေးနှင့် ပို့ဆောင်ရေးတပ်မှ တပ်ဖွဲ့ဝင်များနှင့် ၎င်းတို့၏ မိသားစုဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)