မွန်ပြည်နယ်တွင် ကိုယ်ကာယကြံ့ခိုင်မှုရှိစေရေး စုပေါင်းလေ့ကျင့်ခန်း ဆောင်ရွက်

မော်လမြိုင် ဒီဇင်ဘာ ၁၂

မွန်ပြည်နယ်တွင် လူထုအားကစားလှုပ်ရှားမှုလအဖြစ် ဒီဇင်ဘာဒုတိယပတ် ကိုယ်လက် လှုပ်ရှားမှု လေ့ကျင့်ခန်းစုပေါင်း ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၆ နာရီက မော်လမြိုင်မြို့၊  စစ်ကဲကုန်းရပ်၊ ကမ်းနားလမ်း   ရေပေါ်ညဈေးနေရာတွင် ကျင်းပခဲ့ရာ ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးတင်ချယ်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးခင်မောင်ဦးနှင့် ဌာနဆိုင်ရာများ၊   အားကစားနှင့်      ကာယပညာသိပ္ပံ (မော်လမြိုင်) သင်တန်းနည်းပြများ၊ သင်တန်းသား၊ သင်တန်းသူများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။

စုပေါင်းကိုယ်လက်လှုပ်ရှားမှုကို အားကစားနှင့် ကာယပညာ သိပ္ပံ(မော်လမြိုင်)မှ သင်တန်း နည်းပြများက ကျန်းမာရေး အထောက်အကူပြုစေရန်နှင့် ကစားနည်းကို စိတ်ပါဝင်စားစွာ လိုက်ပါကစားနိုင်အောင် သရုပ်ပြပေးရာတွင် ပါဝင်ကစားသူများသည် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ကာကွယ်ရေး နည်းလမ်းများနှင့် အညီပါဝင် ဆင်နွှဲကြသည်။

မွန်ပြည်နယ်အနေဖြင့် မြန်မာ့အားကစား အဆင့်အတန်း တိုးတက်မြင့်မားစေရေးအတွက် အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ်ခံယူကာ ပြည်သူများကိုယ်ကာယ ကြံ့ခိုင်မှုရှိမှသာ ကျန်းမာပျော်ရွှင်သောဘဝ ပိုင်ဆိုင်နိုင်မည်ဖြစ်သည်နှင့်အညီ မော်လမြိုင် ကမ်းနားလမ်း တစ်လျှောက်တွင်လည်း အများပြည်သူ ကိုယ်လက်ကျန်းမာ ကြံ့ခိုင်မှုရှိစေရေး    အားကစား လှုပ်ရှားမှုများ ဆောင်ရွက်နိုင်ရန်နှင့် လေကောင်း၊ လေသန့်ရရှိပြီး စိတ်လက် အပန်းဖြေစရာ နေရာ  စီစဉ်ဆောင်ရွက် ပေးထားကြောင်း သိရသည်။

ဇာဖြူဝင်း(ပြန်/ဆက်)