တွံတေးမြို့ ရှေးဟောင်းသမိုင်းဝင် ရွှေဆံတော်စေတီတော်မြတ်ကြီးအာ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

တွံတေး  ဒီဇင်ဘာ ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့ ရှေးဟောင်းသမိုင်းဝင် ဆံတော်ခြောက်ဆူ ကိန်းဝပ်တော် မူသော မေရုဒကုန်းတော်ပေါ်ရှိ ရှေးဟောင်းသမိုင်းဝင် ဆံကေသာဓာတုရွှေဆံတော် စေတီတော်မြတ်ကြီးအား ရဟန်းရှင်၊ လူပြည်သူအများ စိတ်အေးချမ်းသာစွာ ဘုရားဖူး နိုင်စေရန်အတွက် တွံတေးမြို့နယ် ဌာနဆိုင်ရာများ စုပေါင်း၍ စုပေါင်းသန့်ရှင်းရေး လုပ်ငန်းကို ယနေ့ နံနက် ၈ နာရီက အဆိုပါ စေတီတော်မြတ်ကြီး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များ မြို့နယ် ဌာနဆိုင်ရာများမှ ဝန်ထမ်းများ၊ ဘာသာရေး အသင်းအဖွဲ့များ စုစုပေါင်းအင်အား  (၂၀၀)ဦးခန့်တို့က ရွှေဆံတော် စေတီတော်မြတ်ကြီးရှိ ဗုဒ္ဓရုပ်ပွားတော်များ ရောင်တော်ဖွင့်ခြင်း၊ ရေသပ်ပယ်ခြင်း ရင်ပြင်တော် သန့်ရှင်းခြင်းနှင့် ခြေတော်ရင်းရှိ မြက်များ၊ ခြုံနွယ်များ စုပေါင်းသန့်ရှင်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရွှေဆံတော်စေတီတော်မြတ်ကြီးသည် မြန်မာတစ်နိုင်ငံလုံးတွင် စတုတ္ထအမြင့်ဆုံး စေတီတစ်ဆူဖြစ်ပြီး ဉာဏ်တော်အမြင့် (၂၅၀)ပေ၊ ပင်လယ်ရေပြင်အထက် အမြင့် ၈၆.၃၅၆ပေမြင့်ပြီး စေတီတော်ရင်ပြင် အကျယ်မှာ(၄.၄၇) ဧကရှိသည်။

အဆိုပါ စေတီတော်မြတ်ကြီးသည် ရှေးနှစ်ပေါင်း ( ၂၅၀၀)ကျော်က တည်ထား ခဲ့ကြောင်းလည်း သိရသည်။

တွံတေးသား