ကျောက်ဆည်မြို့တွင် ဧရာမင်းမိုးစပါး စံကွက်ရိတ်သိမ်း

ကျောက်ဆည် ဒီဇင်ဘာ ၁၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် (၂၀၂၁-၂၀၂၂) ခုနှစ် မိုးစပါးစံကွက် ရိတ်သိမ်းခြင်းကို ယနေ့နံက်(၁၀) နာရီခွဲက တောင်နောက်ကျေးရွာအုပ်စု၊ တောက်နောက်ကွင်း ၊ ကွင်းအမှတ်(၁၄၆)၊  ဦးပိုင် အမှတ် (၁၆/၂) တောင်သူ ဦးမိုဟာမတ် စိုက်ပျိုးထားသော ဧရာမင်းမိုးစပါး (၀.၆၀) ဧကတွင် စံကွက်ရိတ်သိမ်းပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

စံကွက်ရိတ်သိမ်းရာသို့ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသန့်ဇင်မောင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးရဲမင်းသောင်းနှင့် ဝန်ထမ်းများ စပါးစိုက် တောင်သူများ တက်ရောက်ခဲ့ကြပြီး စံကွက်ရိတ်သိမ်းရာတွင် (၁)ဧက စပါး(အခြောက်)တင်း (၉၀.၆၃၀) တင်း ထွက်ရှိကြောင်း သိရှိရသည်။

ကျောက်ဆည်မြို့နယ်တွင် ၂၀၂၁-၂၀၂၂ မိုးစပါး စိုက်ပျိုးရာတွင် ဧရာမင်း၊ မနောသုခ၊ ရွှေမနော် နှင့် ဆင်းသုခ စပါးမျိုးများ စိုက်ပျိုးကြောင်းနှင့် ဇော်ဂျီဆည် ရေသောက်စနစ်ဖြင့် (၃၅၉၉၄) ဧက၊ ကင်းတားဆည် ရေသောက် စနစ်ဖြင့် (၁၆၀၂၇) ဧက၊ သစ်တက္ကုန်းဆည် ရေသောက်စနစ်ဖြင့်(၄၃၆)ဧက၊ မိုးရေသောက်စနစ်ဖြင့် (၂၃၂)ဧက၊ မြေအောက်ရေ စက်ရေတွင်းဖြင့်(၁၁၀)ဧက စုစုပေါင်း(၅၂၇၉၉)ဧက စိုက်ပျိုးထားကြောင်း မြို့နယ်ဆည်မြောင်း နှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရှိရသည်။

သက်မောင်(ကျောက်ဆည်)