ညောင်ဦးမြို့နယ်တွင် နေကြာစိုက်ပျိုးတောင်သူများ အောင်မြင်ဖြစ်ထွန်း

ညောင်ဦး ဒီဇင်ဘာ ၁၂

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်တွင် ဆီထွက်သီးနှံတစ်မျိုးဖြစ်သော ဆောင်းနေကြာများ အောင်မြင်ဖြစ်ထွန်း လျက်ရှိပြီး နေကြာခူးဆွတ်သိမ်းဆည်းချိန်နေကြာ ရဖို့သေချာသလောက် ရှိနေပြီ ဖြစ်ကြောင်း တောင်ဖက်တန်းကျေးရွာ ဆောင်းနေကြာစိုက် ပျိုးတောင်သူ ဦးမင်းညိုကပြောကြားသည်။

ညောင်ဦးမြို့နယ်တွင် ဆီးထွက်သီးနှံများဖြစ်သည့် မိုးနှမ်း၊ ဆောင်းနှမ်း၊ နွေနှမ်း၊ သုံးလမြေပဲ၊ ခြောက်လမြေပဲ စီးပွားဖြစ်စိုက်ပျိုးကြသည့်ပြင် ဆောင်းနေကြာကိုလည်း စီးပွားဖြစ် စိုက်ပျိုးကြကြောင်း၊ နေကြာသီးနှံကို သီးထပ်၊ သီးညှပ်စိုက်ပျိုးကြသည့်အပြင် နေကြာ တစ်မျိုးထဲ စိုက်ပျိုးကြသည်များလည်း ရှိကြောင်း၊ ဆောင်းနေကြာစိုက်ပျိုးခြင်းအား စက်တင်ဘာလနှင့် အောက်တိုဘာလတို့တွင် ကြဲပက်စိုက်ပျိုးကြပြီး ကျွန်းမြေများတွင် ကုလားပဲ၊ ပဲတီစိမ်းတို့နှင့် သီးညှပ်စိုက်ပျိုး၍သော် လည်းကောင်း၊ မြစ်ရေတင်ဖြင့် စိုက်ပျိုးသည့် မြေယာများတွင် ကုလားပဲ၊ ပဲတီစိမ်း၊ ဂျုံသီးနှံများဖြင့် လည်းကောင်း၊ မြေအောက် ရေသွင်းစိုက် ပျိုးသည့် ကျေးလက်တောင်သူများသည် နှမ်းခင်းများထဲ၊ နေကြာ သီးညှပ်စိုက်ပျိုးကြခြင်းဖြင့် လည်းကောင်း၊ ဆောင်းနေကြာစိုက်ပျိုးခြင်းအား နေကြာ သီးသန့် စိုက်ပျိုးခြင်းဖြင့် စိုက်ပျိုးကြကြောင်း၊ နေကြာသက်တမ်း လေးလကြာလျှင် ရင့်မှည့် ခူးဆွတ်ကြရပြီး၊ နေကြာကြဲပက်စိုက်ပျိုးခြင်းအား ရေဆင်း-၁၊ ဆင်းရွှေကြာ-၂ စပ်မျိုး နေကြာများကိုဝယ် ယူစိုက်ပျိုးကြကြောင်း၊ ထွက်ရှိလာသည့် နေကြာများကို ပခုက္ကူပွဲရုံများသို့ သွားရောက် ရောင်းချခြင်း၊ မြင်းခြံမြို့ပွဲရုံများသို့ သွားရောက် ရောင်းချကြကြောင်း သိရသည်။

မနှစ်က ဆောင်းနေကြာ စိုက်ပျိုးတောင်သူများ ကြက်တူရွေးအုပ်ကျရောက်ခြင်းကြောင့် နေကြာ မှန်းသလောက် မထွက်ရှိခဲ့သော်လည်း ယခုနှစ်တွင် ဆောင်းနေကြာများ အောင်မြင်ဖြစ် ထွန်းကာ ကြက်တူရွေးအုပ်များ မကျရောက်စေရန် စာခြောက်ရုပ်များ ထားရှိခြင်းဖြင့် လည်းကောင်း၊ လူကိုယ်တိုင် ကြက်တူရွေး မောင်းထုတ်ခြင်းများဖြင့် နေကြာခင်းစောင့်ပြီး ဆောင်းနေကြာခူးဆွတ်ခြွေချိန် နေကြာသေချာပေါက်ရနိုင်ကြောင်း ဆောင်းနေကြာစိုက် ပျိုးတောင်သူများထံက သိရသည်။

ကိုထိန်၊KPD