ပန်လုံ ဒီဇင်ဘာ ၁၂
ပန်းခင်းစီမံချက်အရ နိုင်ငံသားတိုင်း ကိုင်ဆောင်ခွင့်လက်မှတ် တစ်မျိုးမျိုးရရှိရေးအတွက် လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဟိုပန်ခရိုင်ရုံးမှ ဦးစီးအရာရှိ ဒေါ်အေးအေးမော် ဦးဆောင်၍ ပန်လုံမြို့ရုံးဦးစီးမှူးနှင့် ဝန်ထမ်းများသည် ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က “ဝ”ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရတိုင်း၊ ဟိုပန်ခရိုင်၊ ပန်လုံမြို့၊ အမှတ်(၈)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ဒေသခံ တိုင်းရင်းသားများအား ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ခရိုင်ဦးစီးအရာရှိကိုယ်စား မြို့ဦးစီးမှူး ဦးဆမ်ဆိုက်မှ ပန်လုံမြို့နှင့် ကျေးရွာများမှ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးပေးခြင်းနှင့် လဲလှယ်ပေးမှု အခြေအနေ၊ အိမ်ထောင်စုလူဦးရေစာရင်းများ စိစစ်ပေးခြင်းနှင့်ပတ်သက်သည့် လုပ်ငန်းစဉ်အကျဉ်းချုပ်ကို ပြောကြားခဲ့ပါသည်။
အဆိုပါ ပန်းခင်းစီမံချက်ဖြင့် ပန်လုံမြို့၊ အမှတ်(၈)ရပ်ကွက်အတွင်းရှိ နိုင်၃(က) ပြုလုပ်သူ(၂)ဦး၊ နိုင် ၆ (က) ပြုလုပ်သူ(၅)ဦး၊ နိုင်ငံသားစိစစ်ရေးကတ်ပြားလဲလှယ်သူ(၂)ဦးနှင့်မိတ္တူပြုလုပ်သူ(၃)ဦး၊ စုစုပေါင်း (၁၂)ဦးတို့အား ကွင်းဆင်းဆောင်ရွက်ပေးခဲ့ပြီး ပန်းခင်းစီမံချက်ဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင် များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ကျော်ဇင်ဦး