ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေးနှင့်စပ်လျဉ်း၍ စားသောက်ဆိုင် ပိုင်ရှင်များနှင့် ကိုယ်စားလှယ်များအား ကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောပြော

ဇေယျာသီရိ ဩဂုတ် ၂၂

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဇေယျာသီရိမြို့နယ်တွင် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းသောက်သုံးမှု ထိန်းချုပ်ရေးနှင့်စပ်လျဉ်း၍ စားသောက်ဆိုင်များအား ကျန်းမာရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ဇေယျာသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ် ခဲ့သည်။                   

ရှေးဦးစွာ နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝေဖြိုးအောင်က နေပြည်တော်ကောင်စီ နယ်မြေအတွင်း ဆေးလိပ်နှင့် ဆေးရွက် ကြီးထွက်ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေး ဆိုင်ရာ စည်းကမ်းများနှင့် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင် ထုတ်ပြန်ထားသော အမိန့်ကြော်ငြာစာအမှတ် (၅၆/၂၀၁၉)နှင့်စပ်လျဉ်း၍ အများပြည်သူများ သိရှိလိုက်နာကြစေရန်နှင့် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန်တို့ကို ဟောပြောဆွေးနွေးခဲ့သည်။

ဆက်လက်၍ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မကူးစက်နိုင်သောရောဂါများ ကြိုတင်ကာကွယ်ရေး ဌာနခွဲမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာရဲဖြိုးက ဆေးလိပ်ငွေ့တွင် လူခန္ဓာကိုယ်ကို အန္တရာယ်ပေးနိုင်သော ဓာတုပစ္စည်း (၇၀၀၀) ကျော် ပါဝင်သည့်အနက် (၆၉)မျိုးသည် ကင်ဆာရောဂါကို ဖြစ်ပွားစေကြောင်း၊ ၂၀၀၆ ခုနှစ်တွင် ပြဌာန်းခဲ့သည့် “ဆေးလိပ် နှင့် ဆေးရွက်ကြီး ထွက်ပစ္စည်း သောက်သုံးမှုထိန်းချုပ်ရေး” ဥပဒေပါအကြောင်းအရာများအား ဟောပြော ရှင်းလင်း ခဲ့သည်။ ထို့နောက် နေပြည်တော်စည်ပင် သာယာရေးကော်မတီ ကျန်းမာရေးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာ အိအိဇော်က နေပြည်တော် စည်ပင်သာယာရေးကော်မတီမှ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၂၃) ရက်နေ့တွင် အမိန့်ကြော်ငြာစာ (၅၆/၂၀၁၉) ဖြင့်ထုတ်ပြန်ထားသော ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းများအား အများပြည်သူများ သိရှိလိုက်နာစေရန် ဟောပြော ရှင်းလင်း ခဲ့သည်။

ယင်းနောက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန (FDA) မှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာနှင်းနှင်းဝေက အစားအသောက်များတွင် သုံးစွဲနေသည့် ဓာတုဆိုးဆေးကို လက်ဖက်၊ ငါးပိများ၊ ငရုပ်သီးမှုန့်၊ အရောင်တင်မှုန့်များ၊ ယိုစုံ၊ ပဲနီလေးစသည်တို့တွင် သုံးစွဲနေကြသည်ကို အဓိက တွေ့ရှိ ရကြောင်း၊ အဆိုပါ ဓာတုဆိုးဆေးများသုံးစွဲပါက အသည်းနှင့် ကျောက်ကပ်များပျက်စီးခြင်း၊ ကင်ဆာရောဂါ ဖြစ်ပွားခြင်း၊ ဦးနှောက်နှင့် အာရုံကြောထိုင်းမှိုင်းခြင်းစသည့် ဆိုးကျိုးများ ဖြစ်ပွားနိုင်ကြောင်း စသည်ဖြင့် ရှင်းလင်း ဟောပြော ခဲ့ပြီးနောက် နိဂုံးချုပ်အနေဖြင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီ ကျန်းမာရေးဌာနမှ ညွှန်ကြားရေး မှူး ဒေါက်တာ မင်းသုနောင်က နေပြည်တော်စည်ပင်သာယာရေးကော်မတီ၏ အမိန့်ကြော်ငြာစာ (၅၆/၂၀၁၉)ကို ဒီဇင်ဘာလ (၂၃) ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီး ပညာပေး ကာလကို (၆)လသတ်မှတ်ထားရာ COVID-2019 ရောဂါကြောင့် နောက် (၃)လ ထပ်တိုးကာ စက်တင်ဘာလကုန် အထိဖြစ်ပြီး ၎င်းအချိန်ကာလနောက်ပိုင်းတွင် လိုက်နာမှု မရှိပါက သတိပေးခြင်း၊ ဒဏ်ငွေတပ်ရိုက်ခြင်း၊ လုပ်ငန်းလိုင်စင်(သို့မဟုတ်) ခွင့်ပြုချက်ကို ကာလအကန့်အသတ်ဖြင့် ရပ်ဆိုင်းခြင်းနှင့် ပယ်ဖျက် ခြင်းများ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှုကြောင့် ဖြစ်ပေါ်လာ မည့် အန္တရာယ်များအား အများပြည်သူများသိရှိစေရန် အကျယ်တဝင့်ရှင်းလင်း ပြောကြားပြီး တက်ရောက် လာသူများနှင့် အပြန်အလှန်ဆွေးနွေးခဲ့သည်။                                

အခမ်းအနားသို့ နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ကျန်းမာရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဝေဖြိုးအောင်နှင့် တာဝန်ရှိသူများ၊ မြို့နယ်အုပ်ချုပ် ရေးမှူး ဦးကျော်စိုးထင်၊ မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူး ဦးအောင်ဗလဟိန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဇေယျာသီရိမြို့နယ်ရှိ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်း ရောင်းဝယ်ရေး လုပ်ငန်းရှင်များ၊ စားသောက်ဆိုင်ပိုင်ရှင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

အေးလင်းထွန်း(ဇေယျာသီရိပြန်/ဆက်)