နေပြည်တော်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများအား ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးနှင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး ဆင့်ပွား သင်တန်း အခမ်းအနားကို နေပြည်တော်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဦးမြင့်စိုး တက်ရောက်

နေပြည်တော် ဒီဇင်ဘာ ၁၁

နေပြည်တော်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီမှ ကြီးမှူးကျင်းပသည့် နေပြည်တော်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများအား ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးနှင့် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ  အသိပညာပေးဆင့်ပွားသင်တန်း အခမ်းအနားကို ယနေ့နံနက် (၉) နာရီက ဒက္ခိဏခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပရာ နေပြည်တော် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဦးမြင့်စိုး၊ နေပြည်တော် အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများ တက် ရောက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် နေပြည်တော်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီ  ဥက္ကဋ္ဌ ဦးမြင့်စိုးက အဖွင့်အမှာစကားပြောကြားရာတွင် ကမ္ဘာတစ်ဝှမ်းလုံးရှိ ကလေးသူငယ် များအား ကာကွယ်စောင့်ရှောက်ရန်နှင့် အခြေခံကျသော အခွင့်အရေး များအား ဖော်ဆောင် ပေးနိုင်ရန်အတွက် ကုလသမဂ္ဂအထွေထွေ ညီလာခံမှ ကလေး သူငယ်အခွင့်အရေးများ ဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း(The United Nations Convention on the Rights of the Child-UNCRC) အား အပြည်ပြည်ဆိုင်ရာစာချုပ်အဖြစ် အတည်ပြုပြဌာန်းခဲ့ပြီး  မြန်မာနိုင်ငံ အနေဖြင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းတွင် ၁၉၉၁ ခုနှစ်၊ ဇူလိုင်လ (၁၆) ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့၍ အဖွဲ့ဝင်နိုင်ငံအဖြစ် ၁၉၉၁ ခုနှစ်၊ ဩဂုတ်လ (၁၅) ရက်နေ့တွင် အတည်ပြုပါဝင်ခဲ့ပြီး CRC ပါကလေးသူငယ်အခွင့်အရေး (၄) မျိုးဖြစ်တဲ့ အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ကာကွယ်စောင့်ရှောက်ခံပိုင်ခွင့်၊ ပါဝင် ဆောင်ရွက်ခွင့် ဆိုတဲ့ အခွင့်အရေးများကို အပြည့်အဝရရှိနိုင်အောင် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း၊ ကလေးသူငယ်တိုင်းမှာ မိမိရဲ့  ရရှိနိုင်မဲ့ အခွင့်အရေးတွေကို သိရှိရမှာဖြစ်သလို လိုက်နာ ရမည့်စည်းကမ်း၊ ကျင့်ဝတ်၊ စံနှုန်းတွေ၊ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေပါအချက်အလက်တွေကိုလည်း သိရှိရမှာ ဖြစ်ပါကြောင်း၊ ကလေးသူငယ် ကျောင်းသား၊ ကျောင်းသူများကို ပြုစုပျိုးထောင်နည်းတွေ၊ သိသင့်သိထိုက် သော ဗဟုသုတများ၊ ကလေးသူငယ်ရဲ့ သိသင့်သိတတ်သော ကျင့်ဝတ်၊ စည်းကမ်းတွေကို ဆရာ၊ ဆရာမတွေအနေနဲ့ တိတိကျကျ သိရှိပြီး လမ်းညွှန် သင်ပြပေးရမှာဖြစ်ပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူလေး များကိုလည်း အိမ်မှာအိမ်စည်းကမ်း၊ လမ်းမှာဆို လမ်းစည်းကမ်း၊ ကျောင်းမှာဆိုကျောင်း စည်းကမ်းများ လိုက်နာပြီး ဘက်စုံတော်တဲ့  ကလေးငယ်များဖြစ်အောင် မွေးထုတ် ပေးကြပါရန်နှင့် ကျောင်းသား၊ ကျောင်းသူလေးများရဲ့ ကြိုးစားမှုတွေကို အချိန်အားလျော်စွာ  အသိပြုပေးကြပါ။ ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များကို ထူးချွန်ထက်မြက်ပြီး ဘက်စုံတော်တဲ့ ကလေးဖြစ်ဖို့ မိဘ၊ ဆရာ၊ ဆရာမ၊ နိုင်ငံတော်အစိုးရတို့ကနေ ပူးပေါင်းပြီး ကလေးသူငယ်ကာကွယ်စောင့်ရှောက်ခြင်း လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေကြကြောင်း၊ အချို့ကလေးငယ်များဟာ လူမှုရေးအခြေအနေ၊ မိသားစုအခြေ အနေကြောင့် လမ်းပေါ်ရောက်ရှိနေသော ကျောင်းနေ အရွယ် ကလေးငယ်များဟာ  ကလေးနှင့်မညီမျှသော အလုပ်အကိုင်များ လုပ်ကိုင် ဆောင်ရွက်နေရခြင်း၊ တောင်းရမ်းခိုင်းစေ ခံရခြင်း၊ ခွဲခြားဆက်ဆံခံရခြင်း၊ စီးပွားရေး ခေါင်းပုံဖြတ်ခံရခြင်းများနှင့် ကြုံတွေ့နေရသည်ကို တွေ့မြင်နေကြကြောင်း၊ ဒီလိုကလေးသူငယ်များကိုလည်း လမ်းပေါ်မှ ကျောင်းသို့ ရောက်ရှိနိုင်ရေး၊ ကလေး သူငယ်အခွင့်အရေးများ အပြည့်အဝရရှိနိုင်ရေးကို နိုင်ငံတော်မှ အလေးထား ဆောင်ရွက်နေကြပါကြောင်း၊ အဆိုးရွားဆုံး ခိုင်းစေခြင်းခံရတဲ့ ကလေးများပပျောက်ရန် နိုင်ငံတော်မှ ကော်မတီများ ဖွဲ့၍ ဆောင်ရွက်ပေးနေပြီဖြစ်တဲ့အတွက် ပူးပေါင်းဆောင်ရွက် ပေးကြစေလိုကြောင်း၊ ဒါကြောင့် နိုင်ငံတော်က ကလေးငယ်များဘဝကို ပိုမိုတောက်ပ လာအောင် ဖန်တီးပေးနေသလို ကလေးတွေကိုယ်တိုင်ကလည်း အောင်မြင်မှုတွေ၊ ရည်ရွယ်ချက်ကြီးမားစွာနဲ့ ရှေ့ဆက်လျှောက်လှမ်းနိုင်ဖို့ လိုအပ်သည့်အတွက် ဆရာ၊ ဆရာမများအနေဖြင့် ကလေးငယ်ကျောင်းသား၊ ကျောင်းသူများကို ထူးချွန်ထက်မြက်သော ကလေးငယ်လေးများ မွေးထုတ်ပေးကြဖို့ လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ နေပြည်တော်လူမှုဝန်ထမ်းရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝေဝေမာလှိုင်မှ လူမှုဝန်ထမ်းဦးစီးဌာန၏ လုပ်ငန်းစဉ်များပို့ချခြင်း၊ နေပြည်တော် တရားမျှတ ရေးစင်တာမှ တရားလွှတ်တော်ရှေ့နေ ဒေါ်ဝင့်ဝင့်အေးက ကလေးသူငယ် အခွင့်အရေးများ ဥပဒေနှင့် ပတ်သက်၍ပို့ချြခင်း၊ မန္တလာရောင်စဉ် အသင်းမှ ဒေါ်သက်သက်နွယ်က ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး အသိပညာပေးပို့ချ ခြင်းနှင့် နေပြည်တော် လူမှုဝန်ထမ်းရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်လှိုင်မိုးမြတ်က ကလေးသူငယ်များ ကာကွယ်စောင့်ရှောက်ရာတွင် ဆရာ၊ ဆရာမများအနေဖြင့် ယခုသိရှိခဲ့သော ကလေးများနှင့်သက်ဆိုင်သော သိသင့်သိထိုက်သော အသိပညာများကို ကလေးများထံ သင်ကြားရေးအစီအစဉ်မှာလည်း ထည့်သွင်း၍ ပြန်လည်ပို့ချပေးပါရန် ပြောကြားခဲ့ကြောင်း သိရှိရသည်။

မြို့နယ် (ပြန်/ဆက်)