နမ္မတူမြို့နယ်(IDP)စခန်း (၃)ရှိ တိုက်ပွဲရှောင်ပြည်သူများအား ဒုတိယအကြိမ် Sinopharm အမျိုးအစား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ စတင်ထိုးနှံပေး

နမ္မတူ   ဒီဇင်ဘာ၁၁

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ် ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ရေး ကော်မတီအနေဖြင့် ဦးစားပေးအဆင့်အလိုက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်()နာရီခွဲအချိန်တွင် ပန်ဟိုက်ရပ်ကွက်ရှိ မြို့တော်ခန်းမ၌ အသက်(၁၈)နှစ်နှင့်အထက် တိုက်ပွဲရှောင်ပြည်သူများအား ဒုတိယအကြိမ် Sinopharm အမျိုးအစား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး များ စတင်ထိုးနှံပေးလျက်ရှိသည်။

ထိုသို့ထိုးနှံပေးရာတွင် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းထွန်းက အနီးကပ်ကြီးကြပ်လျက် မြိူ့နယ်အတွင်းရှိ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မြို့နယ်ပြည်သူ့ဆေးရုံမှကျန်းမာရေးဝန်ထမ်းများနှင့် လူမှုကူညီရေးအသင်းအဖွဲ့များမှ စေတနာ့ဝန်ထမ်း များ ပူးပေါင်း၍ နိုဝင်ဘာလ (၁၃)ရက်နေ့တွင် ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံထားသည့် နမ္မတူမြို့နယ် ကြူဆော့ (IDP)စခန်း၊ ကချင် (IDP)စခန်းနှင့် လီဆူ (IDP) စခန်းတို့ရှိ အသက် (၁၈)နှစ်နှင့်အထက် တိုက်ပွဲရှောင်ပြည်သူ ၁၁၇ဦးအား ဒုတိယအကြိမ် Sinopharm အမျိုးအစား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများထိုးနှံပေး ခဲ့ကြောင်း မြို့နယ်ပြည်သူ့ဆေးရုံမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

နမ္မတူမြို့နယ်တွင် ဦးတည်အုပ်စုများအလိုက် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းအချိန်အထိ ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီးသည့် ဒေသခံပြည်သူ ၈၄၅ဦး၊ ကျောင်းသား/ ကျောင်းသူ ၆၀၂ဦး၊ ကာကွယ်ဆေးတစ်ကြိမ်ထိုးနှံပြီးသည့် ဒေသခံပြည်သူ ၆၈၄၆ဦးနှင့် ကျောင်းသား/ ကျောင်းသူ ၃၀၈ဦး၊ စုစုပေါင်းကာကွယ်ဆေးထိုးနှံပြီးသည့် တိုင်းရင်းသားပြည်သူများနှင့် ကျောင်းသား/ ကျောင်းသူ ၁၂၄၃၁ဦးရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးထံက သိရှိရပါသည်။

လူမော်