ကျိုင်းတုံမြို့နယ်တွင် ခရီးသွားလုပ်ငန်းဆိုင်ရာ အသိပညာပေးသင်တန်း ဆင်းပွဲကျင်းပ

ကျိုင်းတုံ          ဒီဇင်ဘာ ၁၁

ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှု၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာန၏ စီစဉ်မှုဖြင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ လွယ်မွေကျေးရွာအုပ်စု၊ ဟိုကျင်းအားခါ(ခရီးသွားကျေးရွာ)၌ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခရီးသွားလုပ်ငန်းဆိုင်ရာ အသိပညာပေး သင်တန်းဆင်းပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက  ကျင်းပသည်။

ရှေးဦးစွာ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)အဖွဲ့ဝင်(၂) ဒေါက်တာလှရွှေ က အမှာစကားပြောကြားပြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ကျိုင်းတုံရုံးခွဲ တာဝန်ခံ ဦးမင်းမောင်စိုးက ကျိုင်းတုံမြို့နယ်၊ လွယ် မွေကျေးရွာ အုပ်စု၊ ဟိုကျင်းအားခါ(ခရီးသွားကျေးရွာ)၌ ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေး၊ ဒေသခံပြည်သူနှင့် ပြည်တွင်းပြည်ပ ခရီးသည်များ ဒေသအတွင်း လာရောက်လည်ပတ်ခြင်းဖြင့် ဒေသခံတိုင်းရင်းသားများ၏ အလုပ်အကိုင် အခွင့်အလမ်းနှင့် ဝင်ငွေတိုးတက်ရရှိနိုင်ခြင်း၊  အားခါတိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုဓလေ့ ထုံးစံများ အား ဖော်ထုတ်၍ ဆက်လက်ထိန်းသိမ်းနိုင်စေရေး စသည့်ရည်ရွယ်ချက်များချမှတ်၍ သင်တန်း ဖွင့်လှစ်ရခြင်း ဖြစ်ပါကြောင်း ပြောကြားသည်။ ထို့နောက် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့) အဖွဲ့ဝင် (၃) ဦးလုကာ က သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ပေးပြီး သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

သင်တန်းတွင် ရပ်ရွာလူထုအခြေပြုခရီးသွားလုပ်ငန်းဆိုင်ရာ ဘာသာရပ်များ၊ သဘာဝအခြေခံခရီးသွားလုပ်ငန်း၊ အခြေခံအင်္ဂလိပ်စာ၊ ရှေးဦးသူနာပြုစုနည်း စသည့် ဘာသာရပ်များကို နိုဝင်ဘာလ ၂၂ ရက်မှ ဒီဇင်ဘာလ ၁၀ ရက်နေ့ထိ ဖွင့်လှစ်ပို့ချခဲ့ပြီး ဟိုကျင်းကျေးရွာမှ သင်တန်းသား ၃၀ ဦးတက်ရောက်ကြောင်းသိရသည်။

အဆိုပါ ကျိုင်းတုံမြို့နယ်၊ ဟိုကျင်းကျေးရွာအား ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ကျိုင်းတုံရုံးခွဲ၏ ကြီးကြပ်မှုဖြင့် ရပ်ရွာလူထုအခြေပြု ခရီးသွားလုပ်ငန်း ဒေသအဖြစ် စတင်အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိကြောင်းသိရသည်။

အောင်ဇင်မြင့်