မက်မန်း ဩဂုတ် ၂၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း) “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်း မြို့နယ် အခြေခံပညာ အထက်တန်း ကျောင်း၌ ယမန်နေ့ နံနက်(၁၀:၃၀)အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့ပူးပေါင်းပြီး မူးခင်းကျဆင်းရေး၊ယာဉ်စည်းကမ်း၊လမ်းစည်းကမ်း၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးနှင့် မူးယစ်ဆေးဝါးအသိပညာပေးကွင်းဆင်းဟောပြောပွဲ အခမ်းအနားကို ကျင်းပပြု လုပ်ခဲ့သည်။
ရှေ့ဦးစွာ မက်မန်းမြို့နယ် လက်ထောက်မြို့နယ်ပညာရေးမှူး ဦးနိုင်ဦးက အသိပညာပေး ဆောင်ရွက်ခြင်းနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးစိုးနိုင်က အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်ကျင်းပခြင်း အကြောင်း အရာများ၊ မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် ပြစ်မှုပြစ်ဒဏ်များ၊လိုက်နာရှောင်ကြဉ်ရမည့် အချက်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် မက်မန်းမြို့နယ်ရဲတပ်ဖွဲ့မှူး ဦးနိုင်ထန်းမနားက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ နှင့်ပတ်သက်သည့် ဆောင်ရန်၊ရှောင်ရန်များ၊ လိုက်နာရမည့်စည်းကမ်းများကို လည်းကောင်း၊ လူကုန်ကူးမှုနှင့် ပတ်သက်ပြီး လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အချက်များ၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေများ၊ လူကုန်ကူးမှုကျူးလွန်ပါက ကျခံရမည့် ပြစ်မှုနှင့် ပြစ်ဒဏ်များအား ရှင်းလင်းဟောပြောပြီး ကျောင်းသားကျောင်းသူများကို အသိပညာပေး စာစောင်များ ဖြန့်ဝေခဲ့ကြကြောင်း သတင်းရရှိသည်။
မက်မန်း(ပြန်/ဆက်)