ရန်ကုန် ဒီဇင်ဘာ ၁၁
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်အတွင်းရှိ တိင်္ဂုတ္တရကုန်းတော်ပေါ်၌ တည်ထားကိုးကွယ်တော်မူသော လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီတော်မြတ်ကြီး ရေရှည်တည်တံ့ ခိုင်မြဲစေရေး ထိန်းသိမ်းဆောင်ရွက်နေမှုနှင့် ရင်ပြင်တော် သန့်ရှင်းသာယာလှပစေရေး စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုကို ယနေ့နံနက် ၇ နာရီက ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှစိုး၊ တိုင်းမှူး ဗိုလ်ချုပ် ညွှန့်ဝင်းဆွေ နှင့် အစိုးရအဖွဲ့ဝန်ကြီးများ က ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဝန်ကြီးချုပ် ဦးလှစိုးနှင့် တာဝန်ရှိသူများသည် စေတီတော်မြတ်ကြီး ရင်ပြင်တော်၌ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ စည်ပင်သာယာဝန်ထမ်းများ၊ ဌာနဆိုင်ရာများမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများက ရင်ပြင်တော်တစ်လျှောက် တံမြက်စည်းလှည်းခြင်း၊ ဆီးမီးပူဇော် စုပေါင်းသန့်ရှင်းရေးပြုလုပ်၍ ကုသိုလ်ယူ ဆောင်ရွက်နေမှုကို လိုက်လံကြည့်ရှု့ အားပေးခဲ့ကြပြီး၊ ရင်ပြင်တော် တစ်ပတ် လိုက်လံကြည့်ရှု ကြည်ညိုခဲ့ရာ စေတီတော်မြတ်ကြီး ရေရှည်တည်တံ့ ခိုင်မြဲရေးအတွက် ထိန်းသိမ်းဆောင်ရွက်နေမှု၊ စေတီတော်ရင်ပြင် သန့်ရှင်းသာယာလှပစေရေးနှင့် ဘုရားဖူး လာပြည်သူများ အေးအေးချမ်းချမ်း လာရောက်ဖူးမြှော်ကြည်ညိုနိုင်ရေးအတွက် ဆောင်ရွက်နေမှုများအား ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင်များက ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
လေးဆူးဓာတ်ပုံ ရွှေတိဂုံစေတီတော်မြတ်ကြီးအား နေ့စဉ် နံနက် ၅ နာရီမှ ည ၆ နာရီအထိ ဖွင့်လှစ်ထားရှိပြီး၊ စနေ၊ တနင်္ဂနွေနှင့် အများပြည်သူရုံးပိတ်ရက် (နေ့ထူးနေ့မြတ်) များတွင် နံနက် ၅ နာရီမှ ည ၇ နာရီအထိ အချိန်တိုးမြှင့် ဖွင့်လှစ်ထားကြောင်း ရွှေတိဂုံစေတီတော်မြတ်ကြီး ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ သိရသည်။
သတင်းနှင့်ဓာတ်ပုံ-နိုင်လင်းကျော်(IPRD)