သန်လျင်၌ အပြောင်မြောက်ဆုံးဘဝတစ်ခု တည်ဆောက်ခြင်း စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

သန်လျင် သြဂုတ် ၂၁

ရန်ကုန်တောင်ပိုင်းခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (သန်လျင်) လူထုအခြေပြုဗဟို ဌာန(Community Centre)၌  ယနေ့ နံနက်(၁၀)နာရီတွင်  စာရေးဆရာဖေမြင့် ရေးသားသော  “အပြောင်မြောက်ဆုံးဘဝတစ်ခု တည်ဆောက်ခြင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန် တောင်ပိုင်းခရိုင်ရုံးမှ ဦးစီးအရာရှိ  ဒေါ်လှပိုမိုက စာဖတ်ဝိုင်းပြုလုပ် ရသည့် ရည်ရွယ်ချက်များ စာဖတ်သူများတစ်ဦးနှင့် တစ်ဦး မျှဝေခြင်းဖြင့် အသိပညာများ ဖလှယ်ပေးခြင်း၊ အမှားအမှန် ဝေဖန်ပိုင်းခြား နိုင်ခြင်း၊ ယနေ့လူငယ် နောင်ဝယ်လူကြီး ဆိုသည့်အတိုင်း အနာဂတ်နိုင်ငံ့တာဝန်ထမ်းဆောင်မည့် လူငယ်များ စာများများဖတ်ခြင်းဖြင့် အသိပညာ များ တိုးပွားစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းများကို ပြုလုပ်နေခြင်းဖြစ်ကြောင်း ဆွေးနွေးတင်ပြသည်။

ဆက်လက်၍ တက်ရောက်လာကြသော Book club  အဖွဲ့ဝင် ဦးသော်ဝင်းကြည်နှင့် ဦးရွှေတင် (မောင်ညိုမှိုင်း_သန်လျင်) တို့က စာရေးဆရာဖေမြင့်၏  “အပြောင်မြောက်ဆုံးဘဝတစ်ခု တည်ဆောက်ခြင်း” စာအုပ်ပါ  အောင်မြင်ရမည်ဟူသော စိတ်ဓာတ် ဖြောင့်မတ်တည်ကြည်ရဲရင့်ခြင်း စိတ်ချမ်းသာ ပျော်ရွှင်ရေးနှင့် ကြီးကျယ်မြင့်မားသောဘဝ စသည့်အချက်များနှင့် ပတ်သက်၍ ဦးဆောင် ဆွေးနွေးပြီး Women Club နှင့် Youth Club အဖွဲ့ဝင် အသီးသီးကလည်း အပြန်အလှန် ဆွေးနွေး ခဲ့ကြသည်။

အဆိုပါ စာဖတ်ဝိုင်းများအား ကိုဗစ်ကာလ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ စဉ်ဆက်မပြတ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

သန်းဝင်း(သန်လျင်)