ဆီဆိုင် ဒီဇင်ဘာ ၁၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများကို ကိုဗစ်-၁၉ ရောဂါ ကူးစက်မြန် ကမ္ဘာ့ကပ်ရောဂါသည် ပြည်တွင်းကူးစက်မှုနှုန်း မြင့်တက်နေသည့် ကာလအတွင်း ကာကွယ်၊ ထိန်းချုပ်သည့်အနေဖြင့် ယာယီပိတ်ထားခဲ့ရာမှ ယခုအခါ ရောဂါကူးစက်မှုနှုန်း လျော့နည်းကျဆင်းနေပြီ ဖြစ်သည့်အတွက် ဒီဇင်ဘာ ၆ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ရာမှ ယနေ့ နံနက်ပိုင်းတွင် ကျောင်းသား/ကျောင်းသူများ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
ကျောင်းများသို့ လာရောက်ပညာသင်ကြားကြသည့် ကျောင်းသား/ကျောင်းသူများအား ဆရာ၊ ဆရာမ များက ကျောင်းဝင်ပေါက်များ၌ ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ Mask များ တပ်ဆင်ထားခြင်း ရှိ/မရှိ စစ်ဆေးခြင်း၊ ကျောင်းအတွင်းရှိ လက်ဆေးဘေစင်များတွင် လက်ဆေးစေခြင်းတို့ကို ကြီးကြပ် ဆောင်ရွက်ပေးသည်။
ဆီဆိုင်မြို့နယ်အတွင်း၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် အခြေခံပညာအထက်တန်းကျောင်း (၁၂) ကျောင်း၊ အခြေခံပညာ အထက်တန်း ကျောင်းခွဲ(၅)ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း (၁၄) ကျောင်း၊ အခြေခံပညာအလယ်တန်း ကျောင်းခွဲ(၁၅)ကျောင်း၊ အခြေခံ ပညာမူလွန်ကျောင်း (၂၅) ကျောင်း၊ အခြေခံပညာမူလတန်း ကျောင်း (၁၃၉)ကျောင်း၊ အခြေခံပညာမူလတန်းကျောင်းခွဲ(၁၀) ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်း(၂)ကျောင်းတို့တွင် ကျောင်းသား/ကျောင်းသူများ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
မျိုးမြတ်(ဆီဆိုင်)