“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်အတွင်းရှိ ကျေးရွာများသို့ ဆိုလာပစ္စည်းများ ထောက်ပံ့ပေးအပ်

ဟိုပန် ဒီဇင်ဘာ  ၁၀

“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်အတွင်းရှိ ကျေးရွာများသို့ ဆိုလာပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့ နံနက်(၁၀)နာရီ အချိန်က “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီနပ်က လျှပ်စစ်မီး မရရှိသည့် ကျေးရွာများသို့ ဆိုလာပစ္စည်းများရရှိရေးအတွက် ဆောင်ရွက်ခဲ့မှု အခြေအနေများကို လည်းကောင်း၊ ကျေးရွာအတွက်ရရှိသည့် ဆိုလာများကို ရပ်/ကျေးအုပ်ချုပ်ရေးမှူးများက မရရှိသေးသူများအား မဲစနစ်ဖြင့် စနစ်တကျခွဲဝေပေးရေး၊ မိမိတို့ကျေးရွာများတွင် ကုမ္ပဏီများမှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများလာရောက်ဆောင်ရွက်ရာတွင် စိတ်ဝင်စားစွာဖြင့် ပူးပေါင်းဆောင်ရွက် ရေးတို့ကို မှာကြားခဲ့သည်။ ထို့နောက် ဟိုပန်မြို့နယ်၊ ကျေးရွာအုပ်စု (၁၂)အုပ်စု အတွက်ရရှိသည့် ဆိုလာအစုံ (၃၅၀)ကို ဥက္ကဋ္ဌ ဦးညီနပ်နှင့် အဖွဲ့ဝင်များ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးတင်မောင်စိုး နှင့်  တာဝန်ရှိသူများမှပေးအပ်ရာ  ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများက လက်ခံရယူခဲ့ကြသည်။

ဆက်လက်၍ ဆိုလာပစ္စည်း ထောက်ပံ့ပေးအပ်မှုနှင့် ပတ်သက်၍ ဒေသခံပြည်သူများကိုယ်စား ဟာဖြတ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက ကျေးဇူးတင်စကား ပြန်လည်ပြောကြား ခဲ့သည်။ အဆိုပါ ဆိုလာပစ္စည်းများကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)မှ ထောက်ပံ့ပေးအပ်ခြင်း ဖြစ်ပြီး “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်ရှိ ကျေးရွာအုပ်စု (၁၂)အုပ်စုအတွက် (၃၅၀) စုံ၊ မက်မန်းခရိုင်အတွက် (၁၀၀)စုံနှင့် မန်ကန်မြို့အတွက် (၅၀)စုံ၊ စုစုပေါင်း ဆိုလာ အစုံ (၅၀၀) ဖြစ် ကြောင်း သိရသည်။

ခရိုင် ပြန်/ဆက်