ဒဂုံတောင် ဒီဇင်ဘာ ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်၊ အမှတ်(၂၂)ရပ်ကွက်တွင် ယနေ့ နံနက် ၈ နာရီ ၅၀ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
မီးလောင်မှုဖြစ်စဉ်မှာ မီးသွေးမီးဖိုအနီးရှိ ဟန်းကောချိုင့်အတွင်း ထည့်ထားသော မီးကြွင်းမီးကျန်မှ တစ်ဆင့် အောက်ကြမ်းခင်းသို့ မီးကူးစက်လောင်ကျွမ်းခြင်းဖြစ်သည်။ မီးလောင်မှုဖြစ်ပွားရာသို့ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် မီးသတ်စခန်းမှ ဦးစီးအရာရှိ ဦးမြင့်သူ ဦးဆောင်၍ ဒဂုံတောင်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၈)စီး၊ ရေသယ်ယာဉ် (၂)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် (၄၆)ဦး၊ အရန်မီးသတ် တပ်ဖွဲ့ဝင်(၁၀)ဦး သွားရောက်မီးငြှိမ်းသတ်ခဲ့ကြောင်း၊ အဆိုပါ မီးလောင်မှုကြောင့် လူ၊ တိရစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှု မရှိပါကြောင်းနှင့် မီးလောင်ကျွမ်းမှုနှင့် စပ်လျဉ်း၍ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် မြို့မရဲစခန်းမှ အရေးယူဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။
သက်မင်းဟန်