မိုင်းလုံ ဒီဇင်ဘာ ၁၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် အသက်(၁၈)နှစ်အထက် ပြည်သူ များအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(Sinopharm)ကို ပထမအကြိမ် (၅)ရက်မြောက် ထိုးနှံပေးခြင်းလုပ်ငန်းကို ယနေ့နံနက်(၉)နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံရာတွင် မိုင်းလုံတိုက်နယ် ကျန်းမာရေး ဌာနမှ တာဝန်ရှိသူများက အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများ၊ အကြောင်းအမျိုးမျိုး ကြောင့် ကျန်ရှိနေသောဌာနဆိုင်ရာ ဝန်ထမ်းမိသားစုများ၊ ပရဟိတအဖွဲ့ဝင်များ၊ ဈေးသည်များ၊ ပို့ဆောင်ရေး အဖွဲ့အစည်းများနှင့် ပုဂ္ဂလိကဝန်ထမ်းများကို ထိုးနှံပေးခြင်းဖြစ်ရာ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် မိုင်းလုံလူငယ်ပရဟိတအသင်းတို့ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့သည်။
ကာကွယ်ဆေးထိုးနှံရာတွင် လူစုလူဝေးမဖြစ်စေရန် ဦးစားပေးအလိုက် စီစဉ်ဆောင်ရွက်ထားရှိ ပြီး ကာကွယ်ဆေးမထိုးမီ အပူချိန်တိုင်းတာပေးခြင်း၊ အောက်ဆီဂျင်တိုင်းတာပေးခြင်း သွေးပေါင်ချိန်ခြင်းစသည့် ကျန်းမာရေးစစ်ဆေးခြင်းလုပ်ငန်းပြီးမှ ကာကွယ်ဆေးထိုး ပေးခြင်း ဖြစ်ကြောင်း၊ ကာကွယ်ဆေးထိုးနှံပြီးပါကလည်း နာရီဝက်ခန့်စောင့်ကြည့် ဆောင်ရွက်ပေးမှာ ဖြစ်ကြောင်း တိုက်နယ်ကျန်းမာရေးဌာနမှ တာဝန်ရှိသူတစ်ဦးထံက သိရသည်။
ဇော်ဇော်(ပြန်/ဆက်)