မုဒုံမြို့၌ မီးဘေးအန္တရာယ် အသိပညာပေးအရှိန်အဟုန်မြှင့် ဆောင်ရွက်

မုဒုံ  ဒီဇင်ဘာ  ၁၀

မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်၌ ပြည်သူများမီးသုံးစွဲရာတွင် ကြိုတင်ကာကွယ် သတိပြုလိုက်နာကြစေရန်ရည်ရွယ်၍   မီးဘေးအန္တရာယ်   အသိပညာပေးနှိုးဆော်ခြင်းကို ယမန်နေ့ ညနေပိုင်း က မုဒုံမြို့ပေါ်ရှိ ရပ်ကွက်/ကျေးရွာများတွင်  လှည့်လည်နှိုးဆော်သည်။

နှိုးဆော်ပေးရာတွင်  မြို့နယ်မီးသတ်ဦးစီးမှူး  စောစိုးစိုးမြင့် ဦးဆောင်ပြီး   တပ်ဖွဲ့ဝင်များ က ယခုအခါ ပွင့်လင်းရာသီဖြစ်၍   လေပြင်းများတိုက်ခတ်မှုကြောင့်  မိဘပြည်သူများအနေဖြင့်  ထင်း၊ မီးသွေး အသုံးပြုပြီးပါက မီးကြွင်း၊ မီးကျန်များကို ငြှိမ်းသတ်ရန်၊ လျှပ်စစ်မီးဖြင့် ချက်ပြုတ်ပြီးပါက  မီးခလုတ်များ  သေချာစွာပိတ်ရန်၊  ဖုန်းအားသွင်းခြင်းများမှ  အပူလွန်ကဲမှု ဖြစ်ပေါ်နိုင်သည့်အတွက် သတိထားဆောင်ရွက်ကြရန်၊ ခြင်ဆေးခွေမီးများ၊ လျှပ်စစ်ဝါယာကြိုးများအား သေချာစွာစနစ်တကျ သွယ်တန်းတပ်ဆင် အသုံးပြုကြရန် စသည့်အသိပညာပေးခြင်းများအပြင်  မိမိတို့အိမ်များတွင်လည်း   မီးချိတ်၊ မီးကတ်၊ ရေပုံး၊ သဲပုံး၊ မီးသတ်ဆေးဘူးများ  အဆင်သင့်ထားရှိ ဆောင်ရွက်ကြရန် အသိပေး လိုက်လံနှိုးဆော်သည်။

ထို့ပြင် မုဒုံမြို့နယ် ရွှေဟင်္သာစည်ပင်သာယာဈေး ဆိုင်ခန်းများတွင် လျှပ်စစ်မီးကြိုး သွယ်တန်း ထားရှိမှု၊ မီးသတ်ဆေးဘူးများ၊ မီးသတ်ရေငုတ်တိုင်များ၊ ရေကန်များ၊ အပေါ့စား   မီးသတ်စက်များ၊  မီးလောင်မှုဖြစ်ပွားလျှင် အချက်ပေးစနစ်    ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ရပ်ကွက်/ကျေးရွာ များရှိ   မီးသတ်မီးကင်းထားရှိမှု အခြေအနေများ၊     မီးဘေးလုံခြုံရေးဆိုင်ရာ   အသုံးအဆောင်များ  စနစ်တကျ ဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းထားရှိရန်နှင့် မီးသတ်ဆေးဘူး သုံးစွဲနည်းများကို လက်တွေ့ပြသပေးကြောင်း သိရသည်။

အောင်မျိုးသူ(ပြန်/ဆက်)