ညောင်ဦး ဒီဇင်ဘာ ၁၀
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ကြက်သွန်နီပျိုးထောင်ကာ မျိုးစေ့ရောင်းချသူများ ငါးနှစ်အတွင်းအနိမ့်ဆုံးဈေးနှုန်းဖြင့်ရောင်းချနေရပြီး မကြုံဖူးသည့် ဈေး နှုန်းအထိ ကြက်သွန်နီမျိုးစေ့ ဈေးနှုန်းဈေးကျနေကြောင်း ကြက်သွန်နီမျိုးစေ့ရောင်းချသူများထံက သိရသည်။
ကြက်သွန်နီမျိုးစေ့များပျိုးထောင်ပြီးရောင်းချရာတွင် ဆိပ်ဖြူနယ်၊ ရေနံချောင်းနယ်၊ မြင်းခြံ နယ်များမှ အများဆုံး ပျိုးထောင်ကာ မျိုးစေ့ရောင်းချကြကြောင်းသိရပြီး ဆောင်းကြက်သွန်စိုက်ပျိုး ချိန်ဖြစ်သည့် သီတင်းကျွတ်၊ တန်ဆောင်မုန်းလများတွင် ကြက်သွန်နီမျိုးစေ့များ အရောင်း အဝယ်ဖြစ်ကြကြောင်းသိရကာ ကြက်သွန်နီမျိုးစေ့တစ်ပြည်လျှင် ခြောက်သောင်းကျပ်မှ တစ်သိန်းသုံးသောင်း ကျပ်အတွင်းသာရောင်းချရပြီး ယခုနှစ်ဆောင်းကြက်သွန်ပျိုးထောင်ချိန် ကြက်သွန်နီမျိုးစေ့တစ်ပြည်လျှင် ကျပ်နှစ်သောင်းမှနှစ်သောင်းခွဲအထိသာ ရောင်းချရခြင်းကြောင့် ကြက်သွန်နီပျိုးထောင်ကာ မျိုးစေ့ရောင်းချသူများ ငါးနှစ်အတွင်း ကြက်သွန်မျိုးစေ့ အနိမ့်ဆုံး ဈေးနှုန်းဖြစ်နေကြောင်း ကျောက်ပန်းတောင်းမြို့နယ် မုန့်ကုန်းကျေးရွာ ကြက်သွန်နီမျိုးစေ့ရောင်းချသည့် ဦးနေမျိုးထွန်းက ပြောသည်။
ကြက်သွန်နီမျိုးစေ့ပျိုးထောင်ရာတွင် နတ်တော်လ၊ ပြာသိုလတို့တွင် ကြက်သွန်ဥများအား စိုက်ကြ ကြောင်း၊ စိုက်ပျိုးပြီး ရက်နှစ်ဆယ်ကျော်လျှင် စိန်ဖူးတိုင်(ခေါ်)ကြက်သွန်ပန်းပွင့်တိုင်ထွက်လာပြီး ကြက်သွန်နီပန်းပွင့်တိုင်တစ်ခုတွင် ကြက်သွန်နီမျိုးစေ့အမြောက်အများပါဝင်ကာ ကြက်သွန်နီတစ် လုံးစိုက်လျှင် ကြက်သွန်ပန်းပွင့် တစ်ပွင့်မှ ငါးပွင့်ထိခွဲထွက်ကာ ပွင့်ကြကြောင်းသိရသည်။ ကြက်သွန် မျိုးစေ့များအစေ့အောင်ချိန်ဖြစ်သည့် တပေါင်းလ၊ တန်ခူးလတွင် ကြက်သွန်ပန်းပွင့်များခူးကာ နေလှန်း အခြောက်ခံကာ ကြက်သွန်နီမျိုးစေ့များအားထုတ်ယူကြောင်း ၊ ကြက်သွန်နီမျိုးစေ့များ အစေ့ရင့်နေချိန် မိုးမိပါက အားလုံးပျက်စီးတတ်သဖြင့် ကြက်သွန်ပန်းပွင့်မှ မျိုးစေ့များအောင်ချိန် အားချင်းခူးဆွတ်ထားရကြောင်း၊ မိုးမမိရန်အလွန်ပင်အရေးကြီးကြောင်း သိရသည်။
“ကြက်သွန်နီမျိုးပန်းများခူးဆွတ်ပြီးချိန်မှာ စိုက်ထားတဲ့ဥက ဒန်ချောင်း(စိန်ဖူးတန်)သာ ကျန်ရှိတဲ့အတွက် နွားစာအဖြစ် ရိတ်ကျွေးကြတယ်။ ကြက်သွန်နီ ပျိုးထောင်ချိန်ပြီး စိုက်ပျိုးချိန်မှာ မျိုးစေ့ဈေးကြီးမြင့်လေ့ရှိတယ်။ ကြက်သွန်မျိုး နို့ဆီဘူးနှစ်ပုံထောင်တစ်ဘောင်ကို ပျိုးပင်ပေါက် ပေါက်အားကောင်းရင် ရှစ်သောင်းကနေ တစ်သိန်းနှစ်သောင်းကျပ်ထိပြန်လည် ရောင်းချရတယ်” ဟု ညောင်ဖြူပင်ကျေးရွာ ကြက်သွန်ပျိုးထောင်ရောင်းချသူ ဦးစိုးမင်းကပြောသည်။
ကြက်သွန်နီမျိုးစေ့ ဒီနှစ်လောက်ဈေးကျတာ မကြုံဘူးကြောင်း၊ ဈေးမရလျှင် နှစ်ချို့လှောင်ကာ လာမည့်နှစ်တွင်ပြန်လည်ရောင်းချခြင်း၊ ပျိုးထောင်ကာ ရောင်းချခြင်းဖြင့် နှစ်ချို့လှောင်ကြကြောင်း ကြက်သွန်နီမျိုးစေ့လှောင်ရာတွင် သန့်ရှင်းသည့် ပုံးဖြင့်ထည့်ကာလှောင်မှ ပိုးမထိုးခြင်း၊ ကြက်သွန်မျိုးစေ့ အရည်အသွေးမကျခြင်းများ ထိန်းသိမ်းထားနိုင်ကြောင်း ကြက်သွန်မျိုးစေ့လှောင် ထားသူများထံက သိရသည်။
ကိုထိန်၊KPD