နမ္မတူမြို့နယ်ရှိ အသက် (၁၈)နှစ်နှင့်အထက် တိုင်းရင်းသားပြည်သူ ၄၇၅ဦးအား ပထမအကြိမ် ကိုဗစ်ကာကွယ်ဆေးများ ထပ်မံထိုးနှံပေးပြီးပြီဖြစ်

နမ္မတူ       ဒီဇင်ဘာ    ၁၀

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ် ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ရေး ကော်မတီအနေဖြင့် ဦးတည်အုပ်စုများအလိုက် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယမန်နေ့တွင် နမ္မတူမြို့နယ် ပန်ဟိုက်ရပ်ကွက်ရှိ မြို့တော်ခန်းမ၌ အကြောင်းအမျိုးမျိုးကြောင့် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိသည့် အသက် (၁၈)နှစ်နှင့် အထက် တိုင်းရင်းသားပြည်သူ ၄၇၅ဦးအား ပထမအကြိမ် (Sinopharm) အမျိုးအစား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံ ပေးခဲ့ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။

ထိုသို့ ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေး ကော်မတီ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းထွန်းက အနီးကပ်ကြီးကြပ်လျက်  မြို့နယ်ပြည်သူ့ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အတွင်းရှိဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် လူမှုကူညီရေးအသင်းအဖွဲ့များမှ စေတနာ့ဝန်ထမ်းများက  ဆေးထိုးရန် လာရောက် သည့် တိုင်းရင်းသားပြည်သူများအား ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ ကျန်းမာရေး စစ်ဆေးပေးခြင်း၊ စာရင်းအချက်အလက်များကောက်ယူခြင်းနှင့် လိုအပ်သည်များကို ပူးပေါင်းကူညီ ဆောင်ရွက်ပေးပြီး ယနေ့တွင်လည်း အကြောင်းအမျိုးမျိုးကြောင့် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိသည့် အသက် (၁၈)နှစ်နှင့်အထက် တိုင်းရင်းသားပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ပြည်သူ့ဆေးရုံမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

နမ္မတူမြို့နယ်တွင် ဦးတည်အုပ်စုများအလိုက် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယမန်နေ့ညနေပိုင်းအချိန်အထိ ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီးသည့် ဒေသခံပြည်သူ ၄၇၂၈ဦး၊ ကျောင်းသား/ကျောင်းသူ ၆၀၂ဦး၊ ကာကွယ်ဆေးတစ်ကြိမ်ထိုးနှံပြီးသည့် ဒေသခံပြည်သူ ၆၆၂၃ဦးနှင့် ကျောင်းသား/ကျောင်းသူ ၃၀၈ဦး၊ စုစုပေါင်းကာကွယ်ဆေးထိုးနှံပြီးသည့် တိုင်းရင်းသားပြည်သူများနှင့် ကျောင်းသား/ကျောင်းသူ ၁၂၂၆၁ဦးရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦးထံက သိရသည်။

လူမော် (ပြန်/ဆက်)