ထန်းတပင်မြို့နယ်တွင် ကောက်စိုက်စက်ဖြင့် နွေစပါးစံပြကွက် ဧကငါးဆယ်စိုက်ပျိုးမှု ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ဒုတိယအပတ်အတွင်း ပြီးစီးအောင် စိုက်ပျိုးသွားမည်

ထန်းတပင်(ရန်ကုန်) ဒီဇင်ဘာ ၁၀

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် မြို့နယ်စက်မှုလယ်ယာဦးစီး ဌာနတို့ ပူးပေါင်း၍ ဒေသခံတောင်သူများ စပါးအထွက်နှုန်း ကောင်းမွန်စေရေးနှင့် နည်းပညာပြန့် ပွားရေးအတွက် ကောက်စိုက်စက်ဖြင့် နွေစပါးစံပြကွက်ဧက(၅၀) စိုက်ပျိုးမှုများကို နိုဝင်ဘာလ (၂၀)ရက်နေ့မှ စတင်၍ စက်မှုလယ်ယာစနစ်ကျ လယ်ယာမြေကွင်းအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်ထားရှိသည့် ရေပေါ်သောင်ကျေးရွာ၊ ရေပေါ်သောင်ကွင်းတွင် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ဒုတိယအပတ်အတွင်း ပြီးစီးအောင် စိုက်ပျိုးသွား မည်ဖြစ်ကြောင်းလည်း သိရသည်။

လက်ရှိကောက်စိုက်နဲ့ စိုက်ပျိုးပြီးစီးမှု အနေနဲ့ကတော့ နှစ်ဆယ်ရာခိုင်နှုန်းထိတော့ ပြီးစီးနေပါပြီ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ဒုတိယအပတ်အတွင်းမှာတော့ (၁၀၀)ရာခိုင်နှုန်း ပြီးစီးအောင် ဆောင်ရွက် သွားမှာဖြစ်ပါတယ်ဟု မြို့နယ်စက်မှုလယ်ယာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးနိုင်က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ရန်ကုန်မြို့နှင့် မိုင်(၃၀) ပတ်လည်စိမ်းလန်းစို ပြေရေး စီမံချက်အရလည်း စနစ်တကျ လယ်ယာမြေဖော်ထုတ်ပြီး လယ်များအား ကောက်စိုက် စက်ဖြင့် အပြည့်အဝ စိုက်ပျိုးနိုင်ရေးနှင့် လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ ပြောင်းလဲ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍လည်း နွေစပါးစံပြကွက် ဧက(၅၀)ကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်းလည်း သိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)