ဘီးလင်းမြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron(အိုမီခရွန်)ရောဂါ အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်း ဆောင်ရွက်

ဘီးလင်း ဒီဇင်ဘာ ၁၀

သထုံခရိုင်၊ ဘီးလင်းမြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲ Omicron(အိုမီခရွန်)ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ် တားဆီး ထိန်းချုပ်နိုင်ရန်နှင့် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများတွင် ပြည်သူလူထု ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ဘီးလင်းမြို့နယ်ရုံးဝန်ထမ်းများက ယနေ့ညနေပိုင်း က မြို့ပေါ် ရပ်ကွက်အတွင်း Hand Speaker ဖြင့်​လှည့်လည်နှိုးဆော်ခဲ့ကြသည်။

ထိုသို့ အသိပေးနှိုးဆော်ရာတွင် မိဘပြည်သူများအနေဖြင့် ကိုဗစ်-၁၉ရောဂါပိုးကူးစက်မှု မခံရစေရေး၊ ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များအား တိတိကျကျ လိုက်နာကြရန်နှင့် ဧည့်သည်များ လက်ခံခြင်းမပြုရန်၊ နေအိမ်ပြင်ပသို့ထွက်လျှင် နှာခေါင်းစည်း (Mask) တပ်ခြင်း၊ စနစ်တကျ လက်ဆေးခြင်း၊ လူစုလူဝေးရှောင်ရှားခြင်း၊ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံမှု ခံယူခြင်းကို အထူးဂရုပြု ပူးပေါင်း ဆောင်ရွက်ကြရန်နှင့် အိုမီခရွန်(omicron) အပါအဝင် ကိုဗစ်-၁၉ မျိုးဗီဇပြောင်း ရောဂါပိုးများကို သတိပြုကာ မိမိကစ၍ကာကွယ်ရန်၊ ကိုဗစ်-၁၉ ရပ်တန့်ရေးရောဂါ ကာကွယ်ရေး နည်းလမ်းများကို အားလုံးဆက်လက် လိုက်နာဆောင်ရွက်ကြရန်တို့ကို မိဘပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာရန်အတွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနဝန်ထမ်းများက နှိုးဆော်ခဲ့​ကြကြောင်း သိရသည်။

ထူးနောင် ဘီးလင်း(ပြန်/ဆက်)