ကျိုက်မရော၌ "စာဖတ်ခြင်းနှင့်ကြီးမြတ်သောလူမျိုး" စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်

ကျိုက်မရော   ဒီဇင်ဘာ   ၁၀

မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ နံနက် ၉နာရီက စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့များ စုပေါင်း၍ "စာဖတ်ခြင်းနှင့် ကြီးမြတ်သော လူမျိုးစာအုပ်ဖြင့် စာဖတ်ဝိုင်းဆောင်ရွက်ခဲ့သည်။

စာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဦးစီးမှူး ဒေါ်ချိုမြတ်မြတ်ထွေးက စာပေချစ်မြတ်နိုးသူများနှင့် ပူးပေါင်း၍ စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးပြီး စာပေချစ်မြတ်နိုးသူများအဖွဲ့ ခေါင်းဆောင် ဒေါ်မိုးမိုးစံက ဘာကြောင့် စာဖတ်ရမှာလည်း ခေါင်းစဉ်ဖြင့် လည်းကောင်း၊ book club အဖွဲ့ဝင် ဒေါ်ယဉ်မင်းလတ်က နုနုရည်အင်းဝ၏ စာရဲ့အရသာ ခေါင်းစဉ်ကို လည်းကောင်း၊ ဒေါ်မြင်မြင့်မိုးက၊ စာမှာရှိတဲ့ အလိမ္မာစာပိုဒ်များကို တစ်ဦးချင်းစီ ဖတ်ကြား ဆွေးနွေးခဲ့ကြပြီး တက်ရောက်သည့် အသင်းအဖွဲ့ဝင် များအားလုံးက မိမိတို့ဖတ်ကြားခဲကြသည့် ခေါင်းစဉ်များအပေါ် အပြန်အလှန် သုံးသပ်ဆွေးနွေးခဲ့ကြသည်။

ယခုလို စာဖတ်ဝိုင်းများ ကျင်းပပေးခြင်းဖြင့် စာဖတ်ပရိတ်သတ်များ၊ လူငယ်များအနေဖြင့် စာဖတ်သည့် အလေ့အကျင့် ကောင်းများ ရရှိလာစေရန်နှင့် စာကြည်တိုက်ကို အသုံးချတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန် ရည်ရွယ်ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း သိရသည်။

ချိုမြတ်မြတ်ထွေး(ကျိုက်မရော)