ရန်ကုန် ဒီဇင်ဘာ ၁၀
ရန်ကုန်မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်နေ ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ကြက်ခြေနီအသင်း (အင်းစိန်)မှ တာဝန်ရှိသူများ က ရှေးဦးပြုစုနည်းဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများကို အကူအညီလိုအပ်သော ပြည်သူများထံ အိမ်အရောက် သွားရောက်ဆောင်ရွက်ပေးလျက်ရှိသည်။
အင်းစိန်မြို့နယ်၌ ယမန်နေ့က ပိန္နဲကုန်းရပ်ကွက်၊ ကြေးတိုင်းစု(၂)လမ်းမှ သွေးအန်အမျိုးသား တစ်ဦးအား သီရိစန္ဒာဆေးရုံသို့ ပို့ဆောင်ပေးရန်နှင့် ပါရမီဆေးရုံမှ ဆီးလမ်းကြောင်း ပိုးဝင်သော လူနာအား အာရှတော်ဝင်ဆေးရုံသို့ ပို့ဆောင်ပေးရန် အသင်းရုံးသို့ အကူအညီ တောင်းခံလာသဖြင့် ကြက်ခြေနီအသင်း (အင်းစိန်)၊ ဥက္ကဋ္ဌ ဦးစည်သူဇော်၊ တပ်ဖွဲ့မှူး ဦးနီထွန်းနှင့် စေတနာ့လုပ်အား ရှင်များက လူနာတင်ယာဉ်ကားများဖြင့် အချိန်နှင့်တစ်ပြေးညီ အဆိုပါ ဖြစ်ပွားသည့်နေရာများသို့ သွားရောက်၍ ရှေးဦးပြုစုနည်းဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပြီး သက်ဆိုင်ရာဆေးရုံ အသီး သီးသို့ ပို့ဆောင်ပေးခဲ့သည်။
မြို့နယ်အတွင်းမှ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးနိုင်ရန်အတွက် ကြက်ခြေနီအသင်း(အင်းစိန်)မှ တာဝန်ရှိသူများက လူနာတင်ယာဉ်သုံးစီးဖြင့် အိမ်အရောက် ကျန်းမာရေးစောင့်ရှောက်မှုများကို ၂၄ နာရီ ဆောင်ရွက်ပေးနေခြင်း ဖြစ်သည်။
ထို့အပြင် ကြက်ခြေနီအသင်း (အင်းစိန်)အနေဖြင့် လစဉ် ၂၁ ရက်နေ့မှ လအကုန်အထိ အင်းစိန် မြို့နယ်မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လာထုတ်ကြသည့် သက်ကြီးဘိုဘွားများကိုလည်း ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိသည်။
ဇွဲထက်ကို(ပြန်/ဆက်)