မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းမှ ဆိပ်ကြီးခနောင်တိုမြို့နယ်နေ ပြည်သူများအား တန်ဖိုးသင့် အခြေခံ စားသောက်ကုန်များ ရောင်းချပေး

ဆိပ်ကြီးခနောင်တို ဒီဇင်ဘာ ၁၀

ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း အခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာ ဝယ်ယူစားသုံးနိုင်ရေး ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏လမ်းညွှန်မှု မြန်မာနိုင်ငံဆန်စပါး ကုန်သည်များ အသင်း၏စီစဉ်မှုဖြင့် ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ် အတွင်း၌ ယမန်နေ့ နံနက်ပိုင်းက ဆန်၊ ဆီသယ်ယူပို့ဆောင်ရေးနှင့် ရောင်းချရေးယာဉ်ဖြင့် မြို့နယ်နေပြည်သူများအား‌ အခြေခံ စားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီနှင့် သားငါးများကို ဈေးနှုန်း သင့်တင့်စွာ လာရောက်ရောင်းချပေးခဲ့ကြောင်း သိရသည်။

ယင်းသို့ ရောင်းချပေးရာတွင် ပြည်သူများ ဈေးနှုန်းသင့်တင့်စွာ ဝယ်ယူနိုင်ရေးအတွက် ဆန်ကြမ်း (၁)ပြည်လျှင် ငွေကျပ် ၁၀၀၀နှုန်းဖြင့် (၅)ပြည်အိတ်တစ်အိတ်ကို ငွေကျပ် ၅၀၀၀ နှုန်းဖြင့်လည်းကောင်း၊ ပေါ်ဆန်း (၁)ပြည်လျှင် ငွေကျပ် ၁၇၀၀ နှုန်းဖြင့်(၅)ပြည်အိတ် တစ်အိတ်ကို ငွေကျပ် ၈၅၀၀နှုန်းဖြင့် လည်းကောင်းဆီ ၅၀ သား တစ်ဘူးကို ငွေကျပ် ၁၈၅၀ဖြင့် လည်းကောင်း စုစုပေါင်း ဆန်အိတ် ၁၅၀အိတ်၊ ဆီ ၂၀၀ ဘူး၊ ကြက်ဥကတ် ၃၀ ၊ဆိတ်သား ၁၀ပိဿာနှင့် အမဲသား ၁၀ ပိဿာတို့ကို  ချောင်းဝိုင်းလေးရပ်ကွက်တွင် မြို့နယ်နေ ပြည်သူများအား ရောင်းချ ပေးခဲ့ ရာ မြို့နယ် တာဝန်ရှိသူများ၊ စည်ပင်သာယာဝန်ထမ်းများ၊ မီးသတ်တပ် ဖွဲ့ဝင်များက ဝိုင်းဝန်းက ကူညီဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

ဝေယံ