တိုက်ကြီးမြို့နယ်တွင် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိ

တိုက်ကြီး     ဒီဇင်ဘာ      ၁၀

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှုန်း လျှော့ချနိုင်ရေးနှင့် ရောဂါကြောင့်သေဆုံးမှုနှုန်းများ ဆက်လက်လျော့ကျလာစေရေးအတွက် အသက် ၅၅ နှစ်အထက် ပြည်သူများအား ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံခြင်းနှင့် အသက် ၁၈ နှစ်အထက် ပြည်သူများအား ပထမအ​ကြိမ် ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းကို  သတ်မှတ်စုရပ်နေရာများတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးရာတွင် ယမန်နေ့ နံနက် ၉ နာရီအချိန်ခန့်က အိုးတန်းရပ်ကွက် ရန်ကုန်-ပြည်လမ်းရှိ ရွှေဂျိုးဖြူခန်းမ၌ ပထမအကြိမ် ကာကွယ်ဆေးလာရောက် ထိုးနှံသူ (၇၀၂)ဉီး၊ ဒုတိယအကြိမ် လာရောက်ထိုးနှံသူ (၁၀၆၅)ဉီး စုစုပေါင်း (၁၇၆၇)ဉီးအား ကာကွယ်ဆေးမထိုးမီ ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်း၊ သွေးတွင်း အောက်ဆီဂျင်ပမာဏတိုင်းတာခြင်း နှင့် ကာကွယ်ဆေးထိုးမှတ်တမ်းတွင် စာရင်းရေးသွင်းစေခြင်း၊ ပုံမှန်အနေအထားရှိမှသာ ကာကွယ်ဆေးထိုးနှံပေးခြင်း၊ ကာကွယ်ဆေးထိုးပြီးချိန်တွင် လည်း နာရီဝက်ခန့် စောင့်ကြည့်၍ လိုအပ်သည့်ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပြီးသူများကို QR Code စနစ်ပါဝင်သည့် ကာကွယ်ဆေး ထိုးနှံပြီးကြောင်း မှတ်တမ်းစာရွက်များအား ပြန်လည်ပေးအပ်ခြင်းတို့ကို မြို့နယ်ပြည်သူ့ကျန်းရေးဉီးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အထွေထွေ အုပ်ချုပ် ရေးဉီးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များနှင့် မြို့နယ်အတွင်းရှိ ပရဟိတအသင်း အဖွဲ့ဝင်များက ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးနည်းလမ်းများနှင့်အညီ ဆောင်ရွက်ပေးလျက် ရှိသည်။

တိုက်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းနှင့် ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဉီးဆောင်မှုဖြင့် တာဝန်ရှိသူများက အရှိန်အဟုန်မပျက် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စန်းကလျာခိုင်