မင်္ဂလာဒုံ ဒီဇင်ဘာ ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများ နှင့် သတ်မှတ်ဦးတည်အုပ်စုတွင် ပါဝင်သူများအား ယနေ့ နံနက်ပိုင်းမှ စတင်၍ ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထိုသို့ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း ဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံရန် လာ ရောက်ကြသော ပြည်သူများအား ကာကွယ်ဆေး ထိုးနှံခြင်းမပြုမီ ကျန်းမာရေးဝန်ထမ်းများနှင့် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်း ကော်မတီအဖွဲ့များ၊ မြန်မာနိုင်ငံကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ Volunteer များက ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင် ချိန်တိုင်းတာပေးခြင်း၊ သွေးအတွင်း အောက်ဆီဂျင်ပါဝင်မှု ပမာဏတိုင်းတာပေးခြင်းတို့ကို ဆောင်ရွက် ပေးပြီး ပုံမှန်အနေအထားရှိမှသာ ကာကွယ်ဆေး ထိုးနှံပေးခြင်းဖြစ်ကာ ဆေးထိုးနှံပြီးရာတွင်လည်း မိနစ်(၃၀) အကြာ စောင့်ကြည့်ပြီးမှ ပြန်လည်ထွက်ခွာခွင့်ပြုကြောင်း သိရသည်။
အသက်(၁၈) နှစ်နှင့် အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံ ပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ထောက်ကြန့်ကိုဗစ်စင်တာ၊ ပတ္တမြားရပ်ကွက် စသည် တို့တွင် သတ်မှတ်အုပ်စုများအလိုက် နေ့စဉ်ထိုးနှံပေးလျက်ရှိပြီး ယနေ့တွင် ကာကွယ်ဆေး ထိုးနှံသူ စုစုပေါင်း(၁၁၆၁)ဦးရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
သန္တာ(ပြန်/ဆက်)