လားရှိုး ဒီဇင်ဘာ ၁၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ လားရှိုးတက္ကသိုလ်၊ ကမ္ဘောဇခန်းမတွင် ယမန်နေ့ နံနက် (၁၀) နာရီအချိန်က ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ လားရှိုးတက္ကသိုလ်နည်းပြ၊ သရုပ်ပြ၊ ဆရာ/ဆရာမသစ်လွင်များ မွမ်းမံသင်တန်းဆင်းပွဲ အခမ်း အနား ကျင်းပခဲ့သည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရ အုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းမြောက်)၊ ဥက္ကဋ္ဌ ဦးမျိုးကျော်က သင်တန်းဆင်းပွဲ ဂုဏ်ပြုစကား ပြောကြားရာတွင် ‘ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးတက္ကသိုလ်သို့ခန့်အပ် တာဝန်ပေးခြင်းခံရသော သစ်လွင်ဆရာ၊ ဆရာမများအား မိမိတို့ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ ဂုဏ်ယူ ဝမ်းမြောက်ပါကြောင်း၊ မိမိတို့ နိုင်ငံသည် ယခုအချိန်တွင် ပညာတတ်များ ပေါကြွယ်၀ရေးအတွက် ကြိုးပမ်း ဆောင်ရွက်နေ ရသည့်အချိန်ကာလဖြစ်သဖြင့် ပညာရေးကို အားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ အခြေခံ ဥပဒေတွင် ပြဋ္ဌာန်းထားသည့် နိုင်ငံသားတိုင်းသည် ဥပဒေဖြင့် မသင်မနေရ အခြေခံပညာ များကို သင်ကြားရမည်ဟု ပါဝင်ပါကြောင်း၊ စာသင်ကျောင်းများ ဥပဓိရုပ်များ ကောင်းမွန်ပြည့်စုံရေး၊ သင်ကြားရေး အထောက် အကူပြုပစ္စည်းများပြည့်စုံရေး၊ အရည်အချင်း ပြည့်၀သည့် ဆရာ၊ ဆရာမများရရှိရေးအတွက်ဆောင်ရွက် ပေးလျက်ရှိရာ ယနေ့ သင်တန်းဆင်းပွဲသည် အရည်အချင်းပြည့်၀သည့် ဆရာ/ဆရာမများရရှိရေးအတွက် အစီ အစဉ်ကောင်းတစ်ခု ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများလည်း အဓိက အကျဆုံးသော လုပ်ငန်းများဖြစ်သဖြင့် စနစ်တကျဖြင့် လုပ်ဆောင်မှသာ စီးပွားရေး၊ ပညာရေးနှင့် အခြား လုပ်ငန်းများကို ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်၏ ခရီးစဉ်အတွင်း တိုင်းပြည်တွင် လူမှုစီးပွားဘ၀ ဖွံ့ဖြိုးရေးအတွက် အသိပညာ၊ အတတ်ပညာနှင့် ပြည့်စုံသည့် လူသားအရင်းအမြစ်များလိုအပ်သဖြင့်ပညာရေးကို အလေးပေး ဆောင်ရွက်ရန်နှင့် အမျိုးသား အားကစားပွဲတော်များ၊ ကျောင်းသားအားကစား ပွဲတော်များ ကျင်းပနိုင်ရေး ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့သဖြင့် မိမိတို့ ဌာနဆိုင်ရာများ အနေဖြင့် ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုလို သစ်လွင်ဆရာ၊ ဆရာမများရောက်ရှိတာဝန်ထမ်းဆောင်ကြပြီး ဆရာ၊ ဆရာမများ အရည် အသွေးမြင့်မားရေးအတွက် မွမ်းမံသင်တန်း ဖွင့်လှစ်ဆောင်ရွက်ခဲ့သည့် ပညာရေး ဝန်ကြီးဌာနကိုလည်း ကျေးဇူးတင်ရှိပါကြောင်း’ ပြောကြားခဲ့သည်။ ဆက်လက်၍ လားရှိုးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာနေဝင်းဦးက ကျေးဇူးတင်စကား ပြောကြား ပေးခဲ့သည်။
ထို့နောက် ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ လားရှိုးတက္ကသိုလ် နည်းပြ၊ သရုပ်ပြ၊ ဆရာ/ဆရာမ သစ်လွင်များ မွမ်းမံသင်တန်း သင်တန်းနည်းပြဆရာ၊ ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူ ဆရာ/ဆရာမများအား တာဝန်ရှိသူများက ဂုဏ်ပြု လက်မှတ်များနှင့် သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
စိုင်းအောင်ကျော်စိုး