တောင်ကြီး ဒီဇင်ဘာ ၁၀
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့် ပညာဦးစီးဌာန၊ တောင်ကြီးတက္ကသိုလ် နည်းပြ၊ သရုပ်ပြ၊ ဆရာ၊ ဆရာမ သစ်လွင်များ မွမ်းမံသင်တန်းဆင်းပွဲကို ယမန်နေ့ မွန်းလွဲ(၂)နာရီက တောင်ကြီးတက္ကသိုလ် ကျိုင်းတုံခန်းမ၌ ကျင်းပသည်။
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက တက္ကသိုလ်ပေါင်းစည်း ညီညွတ်ရေး၊ တက္ကသိုလ်အင်အား မပြိုကွဲရေး၊ တက္ကသိုလ်ရှင်သန်ရေး၊ တက္ကသိုလ် အစဉ်အမြဲ သာယာလှပရေး၊ ဘာသာရပ်ပေါင်းစုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယနေ့တက်ရောက် လာကြသည့် ဘာသာရပ်ပေါင်းစုံ ဆရာ၊ ဆရာမများ ကိုယ်စီ၌ တာဝန်ရှိပါကြောင်း၊ လိုအပ်သည်များရှိပါက ရှမ်းပြည်နယ်အစိုးရကို ချက်ချင်းတင်ပြလို့ရပါကြောင်း၊ လိုအပ်သည်များရှိပါက ပြည်နယ် လူမှုရေးရာဝန်ကြီးအား တိုက်ရိုက်တင်ပြရန်နှင့် ဆွေးနွေးပေးလို့ရပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါပိုးသည် တတိယလှိုင်း မပြီးသေးခင် စတုတ္ထလှိုင်း ဝင်ရောက်လာပြီဖြစ်၍ ကြိုတင်ပြင်ထားရန်လိုပါကြောင်း၊ တက္ကသိုလ် ကျောင်းများ၌ သတ်မှတ်ထားသည့် SOP အတိုင်း လိုက်နာကြရန်နှင့် Mask များ တပ်ပေးကြရန်နှင့် ခပ်ခွာခွာနေပေးကြရန်၊ ရောဂါ မကူးစက်နိုင်ရန် သတ်မှတ်စံချိန်စံညွှန်း အတိုင်း Mask တတ်ရန်၊ လက်ကိုမကြာခဏဆေးပေးရန် ပြောကြား လိုကြောင်း၊ နိုင်ငံတော် အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်အတိုင်း မကြာခင်ကျောင်းများ ပြန်လည်ဖွင့်မည်ဖြစ်၍ ကလေးများ၏ သင်ကြားရေး စီမံခန့်ခွဲရေးများကို အလျင်အမြန် အားလုံးပူးပေါင်း ဆောင်ရွက်ပေးကြရန် ပြောကြားသည်။
ဆက်လက်၍ တောင်ကြီးတက္ကသိုလ် ပါမောက္ခချုပ် ဆရာမကြီး ဒေါက်တာကေသီတင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားကြောင်း သိရသည်။ အဆိုပါ တောင်ကြီးတက္ကသိုလ် နည်းပြ သရုပ်ပြ ဆရာ၊ ဆရာမသစ်လွင်များ မွမ်းမံသင်တန်းဆင်းပွဲတွင် တောင်ကြီး၊ ညောင်ရွှေ၊ ကလော၊ ပင်လောင်း၊ ဟိုပုံး၊ ရွှေညောင်၊ ရပ်စောက်၊ ဆီဆိုင်၊ ပင်းတယ၊ အောင်ပန်း၊ မင်းဘူး၊ မိတ္ထီလာ၊ ရေတာရှည်၊ မုံရွာ၊ ပျော်ဘွယ်၊ မှော်ဘီဒေသမှ ဘာသာရပ် အလိုက် ဆရာ ဆရာမ စုစုပေါင်း(၈၅)ဦး သင်တန်းဆင်း တက်ရောက်ကြကြောင်း သိရသည်။
မောင်မောင်သန်း (တောင်ကြီး)