နောင်ချိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီးနောက် ပြန်လည်ကျန်းမာလာသူ တစ်ဦး၏ ရင်တွင်းစကားသံ

နောင်ချို    ဒီဇင်ဘာ   ၉   

ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ နောင်ချိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး၊ ကုသရေး၊ လုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီးနောက် ကျန်းမာရေး ပြန်လည်ကောင်းမွန်လာသူ တစ်ဦး၏ ရင်တွင်းစကားသံ အချို့ကို ဖော်ပြလိုက်ပါသည်။

မသဇင်ထွေး

“ကျွန်မကတော့ မသဇင်ထွေး ဖြစ်ပါတယ်ရှင့် ။ ဘူတာရပ်ကွက်မှာနေထိုင်ပါတယ်။ အသက်ကတော့ (၃၁)နှစ်ရှိပါပြီ။  ကျွန်မ အရင်ဆုံး ဖျားပါတယ်။ ဖျားတာကို တုပ်ကွေးဆိုပြီး အိမ်မှာပဲနေပါတယ်။ ဖျားရင်းနဲ့ အသက်ရှူကြပ်လာပါတယ်။ ဒီလိုနဲ့ ကိုဗစ် ရှိ/မရှိ သွားရောက်စစ်ဆေးတဲ့အခါ ရောဂါပိုး တွေ့ရှိခဲ့ပါတယ်ရှင့်။ ကိုဗစ်ရောဂါပိုး တွေ့တာနဲ့ ပြည်သူ့ဆေးရုံကုသရေးစင်တာမှ တက်ရောက်ပြီး ဆေးကုသမှုခံယူခဲ့ပါတယ်။ ကျွန်မ နဲ့အတူအမပါ ကိုဗစ်ရောဂါ ကူးစက်ခံခဲ့ရတဲ့အတွက် ညီအမနှစ်ယောက်လုံး ဆေးရုံတက်ခဲ့ရပါတယ်။ ကိုဗစ်ဆို တာမသိခင်က မကြောက်ခဲ့ဘူး၊ ကိုဗစ်မှန်းလည်း သိတာနဲ့ ကျွန်မအရမ်းကို ကြောက်ခဲ့တယ်။ ဝမ်းနည်းပြီး ငိုခဲ့ရတယ်။ နောက်ပိုင်းမှာကိုယ်တစ်ယောက်တည်းဖြစ်တာမှ မဟုတ်တာ ၊ သူများတွေလည်း ဖြစ်တာပဲလေဆိုပြီး အားတင်းပြီး တရားထိုင်၊ ဘုရား၊တရား လုပ်ရင်း အချိန်ကို ကုန်ဆုံးစေခဲ့တယ်။ အသက်ရှုရတာလည်း မဝဘူး၊ ဆေးရုံတက်ပြီးအောက်ဆီဂျင်တွေလည်းရှူရပါတယ်။ ဆေးရုံမှာ (၁၀)ရက်ကြာ တက်ရောက်ခဲ့ပြီး ကျန်းမာလာတဲ့အတွက် ဆေးရုံဆင်းခွင့်ရခဲ့ပါတယ်။

ကျွန်မပြောပြချင်တာက ဘာကြောင့်ဖျားဖျား ကိုဗစ်လို့ သတ်မှတ်ပြီး စစ်ဆေးမှု ခံယူစေလိုပါတယ်။ ဖြစ်တာကြာသွားမှ ဆေးကုသမှုခံယူရင် ဝေဒနာပိုမို ခံစားရပါတယ်။ ဒါကြောင့် နေမကောင်းဖြစ်ရင် မိမိသဘောနဲ့ မနေပါနဲ့၊ စောစီးစွာ ဆေးစစ်ပြီး ရောဂါပိုးတွေ့ရှိလျှင် ကုသမှုခံယူကြပါ။ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ကြပါ။ မကြာခဏ လက်ဆေးပါ။ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ နေထိုင်သွားကြဖို့ တိုက်တွန်းလိုပါတယ်ရှင့်။

တွေ့ဆုံမေးမြန်းသူ- သန်းသန်းထွေး