မုံးထမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လိုက်နာရမည့်အချက်များအား မြန်မာနှင့် လားဟူဘာသာစကားဖြင့် နှိုးဆော်

မုံးထ     ဒီဇင်ဘာ 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မုံးထမြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးနှင့် ကြိုတင်ကာကွယ်တားဆီးနိုင်ရေးအတွက် လိုက်နာရမည့်အချက်များအား အသိပညာ ပေးနှိုးဆော်ခြင်းကို ယမန်နေ့နံနက် ၈ နာရီ အချိန်က မြို့ပေါ်ရပ်ကွက်၌  မြန်မာနှင့်လားဟူဘာသာ စကားနှစ်မျိုးဖြင့် အသိပညာပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

အသိပညာပေးနှိုးဆော်ခြင်းကို အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန ၊ မီးသတ်ဉီးစီးဌာနနှင့် ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  ဝန်ထမ်းများ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လိုက်နာ ရမည့် အချက်များဖြစ်သည့် တတ်နိုင်သမျှ မိမိအိမ်၌သာ ရောဂါကာကွယ် ပြင်ပဧည့်သည်များအား အိမ်တွင် လက်မခံရန်၊ မိမိသည်လည်း ဧည့်သည်အဖြစ် သွားရောက်ခြင်းမပြုကြရန်၊ မဖြစ်မနေ အပြင်ထွက် ရပါက နှာခေါင်းစည်း(Mask) တပ်ဆင်ရန်၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာမှ နေထိုင်ပြောဆိုရန်၊ လူစုလူဝေး ပြုလုပ်သွားလာခြင်းမှ ရှောင်ကြရန်၊ လက်ကို ဆပ်ပြာနှင့်စက္ကန့်(၂၀)ကြာ စနစ်တကျ ဆေးကြောရန်၊ နေအိမ်ရှိ ပြတင်းပေါက်များအား လေဝင်လေထွက်ကောင်းအောင် ဖွင့်ထားရန်၊ ရောဂါပိုးကူးစက်သည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနသို့ ဆက်သွယ်ပြီး ဆေးကုသမှုခံယူရန်၊ ကိုဗစ်-၁၉ ရောဂါ ကူးစက် မှုကို အမြန်တားဆီးကာကွယ်နိုင်ရန်အတွက် ရောဂါကာကွယ်တားဆီးရေး လုပ်ငန်းများကို ပြည်သူများ အားလုံးကကိုယ်စီလိုက်နာပြီး ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန် စသည့်အချက်များကို Hand speaker အသုံးပြု၍ မြန်မာနှင့်လားဟူဘာသာစကားနှစ်မျိုးဖြင့် လှည့်လည်နှိုးဆော်ခဲ့ကြောင်း သိရသည်။

ဇော်မင်းထွန်း (ပြန် / ဆက်)